Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတကြီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင် အနိုင်ရနေမှုအပေါ် ဂုဏ်ပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် သမ္မတရုံး၌ ငါးပွင့်ဆိုင် ဆွေးနွေးပွဲ မကျင်းပမီ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတကြီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင် အနိုင်ရနေမှုအပေါ် ဂုဏ်ပြုကြောင်း ၊ သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားပေးရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်ကို တာဝန်ပေး ပြန်ကြားခဲ့သည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့မှ ယနေ့နိုဝင်ဘာ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

“သမ္မတကြီးက အောက်ပါအတိုင်း ပြန်ကြားပေးရန် ကျွန်တော်ကို တာဝန်ပေးပါတယ်။ (၁) ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာ ၈ ရက်နေ့အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း။ (၂) ယနေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင် အနိုင်ရနေမှုအပေါ် ဂုဏ်ပြုပါကြောင်း။ (၃) နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် ပြည်သူများ၏ အဆုံးအဖြတ်ကို လေးစား လိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ (၄) ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း။ (၅) ရွေးကောက်ပွဲလွန် ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။”ဟု နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတသို့ပေးပို့သော တွေ့ဆုံ ဆွေးနွေးခွင့် တောင်းသည့် ကိစ္စကို နိုင်ငံတော် သမ္မတ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြန်ကြားခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံ၍ သမ္မတကြီးနှင့် လာမည့် အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို မေတ္တာရပ်ခံစာကို နိုဝင်ဘာ ၁၀ ရက်နေ့ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.