Connect with us

Politics, Law & Military

မြန်မာ့ ငြိမ်းချမ်းရေး ရှေ့သို့ဆက်လက် ရွေ ့နေ

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂)အား လက်မှတ် ရေးထိုးနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ကျင်းပနိုင်မှု နှင့် အတူ ရလဒ် ကောင်းများ ထွက်ပေါ်လာခဲ့ခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့သို့ ဆက်လက်ပြီး ရွေ့နေသည် ဆိုသည့် သင်္ကေတ တစ်ခု ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညီလာခံ အပြီးတွင် ပြောကြားခဲ့သည်။

သဘောတူညီချက် ရလဒ်များ

အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂) အဖြစ် အချက် ၁၄ ချက်အား သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး၏ သဘောထား ထုတ်ပြန် ကြေညာနိုင်ခဲ့သည်။

ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်းများ

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁)တွင် အချက် ၃၇ ချက် နှင့် အစိတ်အပိုင်း(၂)တွင် အချက် ၁၄ ချက် စုစုပေါင်း ၅၁ ချက် ကိုအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေး နှင့် ယခု တတိယ အစည်းအဝေး တို့တွင် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။

လုံခြုံရေး ကဏ္ဍ သဘောတူညီမှု မရှိသေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး နှင့် မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် စသည့် ကဏ္ဍ ၄ ရပ်ရှိ အချက် ၁၄ ချက်အား သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့သော်လည်း လုံခြုံရေး ကဏ္ဍအား သဘောတူညီမှု ရရှိအောင် မညှိနှိုင်း နိုင်ဘဲ ဆွေးနွေးမှုများသာ ပြုလုပ်ခဲ့ကြသည်။

လုံခြုံရေး ကဏ္ဍ ရလဒ် ထွက်နိုင်ရန်

ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် လုံခြုံရေး ကဏ္ဍတွင် ရလဒ် ထွက်နိုင်ရန်မှာ များစွာ အရေးကြီးကြောင်း ၊ ပြီးပြည့်စုံသော ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှု ဖြစ်ရန် လုံခြုံရေး ကဏ္ဍ ဆိုင်ရာ သဘောတူညီချက်များ ပါဝင်မှ ဖြစ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

ထိုကြောင့် အခက်အခဲများ ပြေလည်အောင် ဖြေရှင်းနိုင်ရန် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ၊ ဖွဲ့စည်း တည်ဆောက်မှု နှင့် ဒီဇိုင်းများကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည် သုံးသပ်ပြီး ပိုမို ကောင်းမွန်သည့် လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် ဆက်လက်ပြီး ကြိုးပမ်း ရမည် ဖြစ်ကြောင်း ညီလာခံ ပြီးဆုံးချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

သဘောထား ထုတ်ပြန်ချက်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး သဘောထား ထုတ်ပြန်ရာတွင် အစည်းအေဝေးများကို နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် နှင့် အညီ ၂၀၁၈ ခုနှစ် အတွင်း နောက်ထပ် ၁ ကြိမ် ၊ ၂၀၁၉ ခုနှစ် အတွင်း ၂ ကြိမ် ကျင်းပနိုင်ရေး ဦးတည် ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

“နောက်လာမယ့် ညီလာခံက ဒီထက် ပိုပြီး နားလည်မှုတွေ ပိုကောင်းလာမယ်။ဒီထက် ပိုပြီး ဖြစ်စဉ်တွေက မှန်လာမယ်။ ပိုပြီး ထိရောက် ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်တဲ့ အနေအထားမျိုး ဖြစ်လာမယ်လို့ ယုံကြည်တယ်။ အဲဒီ အတိုင်းပဲ ကြိုးပမ်းသွားမှာပါ။”ဟု UPDJC အတွင်းရေးမှူး တစ်ဦး ဖြစ်သူ ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စု၏ အခြေခံ အုတ်မြစ်

ညီလာခံ ၃ ကြိမ်တွင် ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု၏ အခြေခံ အုတ်မြစ် အဖြစ် ဒီမိုကရေစီ နှင့် ဖက်ဒရယ် ဆိုင်ရာ အခြေခံမူများကို ချမှတ်နိုင်ရေး ဦးတည် ကြိုးပမ်း သွားမည်ဟု သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြီးမားတဲ့ အောင်မြင်မှု

“နှစ်ပေါင်း ၇၀ ကြာပြီ ဖြစ်တဲ့ ပြည်တွင်းစစ် သမိုင်း အပေါ်မှာ ကြည့်မယ် အခု ၂၀၁၅ ခုနှစ်ကနေ စပြီး ငြိမ်းချမ်းရေး ဆွေးနွေးတာ ဖြစ်တယ်။ဒီကာလကြမှ အချင်းချင်း တွေ့ဆုံ နိုင်တယ်။အတူတကွ စကား ပြောနိုင်တယ်။ ညှိနှိုင်းနိုင်တယ်။ ပြသနာကို အတူတကွ ဖော်ထုတ်တယ် ဆို့ထဲက အင်မတန်မှ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်တယ် ဆိုတာ ပြောချင်တယ်။” ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်က ပြောသည်။

ညီလာခံ တက်ရောက်မှု

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေးသို့တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အတူ လက်မှတ် မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြသည်။

အစိုးရ အနေဖြင့် ညီလာခံ ပြီးသည် နှင့် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ နှင့် ဆွေးနွေးမှု အစီအစဉ်များအား ရက်ပိုင်း အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

“လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ညီလာခံကို လာတယ်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လဲ တွေ့တယ်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့လဲ တွေ့တယ်။တစ်ခြား တွေ့သင့် တွေ့ထိုက်တဲ့ သူတွေနဲ့လဲ တွေ့ပါတယ်။အရင်တုန်းက မြောက်ပိုင်း ၃ ဖွဲ့NCA ထိုးဖို့မပြောခဲ့ဘူး။အခု NCA ထိုးဖို့ပြောလိုက်ပြီ။ ၀ ကြေညာချက်မှာ ပါတယ်။ဒီအဖွဲ့၃ ဖွဲ့ကို NCA ထိုးဖို့တိုက်တွန်းမယ် ဆိုတာ။အဲဟာက ဆွေးနွေးတဲ့ အဆင့် ရောက်သွားပြီ။NCA ထိုးဖို့ဆက်ဆွေးနွေးမယ်လို့ပြောလိုက်ပြီ။”ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

NCA ထီးရိပ်

“ဒီအဖွဲ့တွေ NCA ထီးရိပ်အောက် ရောက်လာအောင် အစွမ်းကုန် ကြိုးစားမယ်။တစ်ဘက်မှာလည်း နိုင်ငံရေး ဆွေးနွေး ပွဲ လမ်းစဉ်ကို ပိုကောင်းမွန်အောင် ကျွန်တော်တို့လုပ်သွားမယ်။တစ်ကြိမ်ထက် တစ်ကြိမ် ပိုပိုပြီး ကြေကြေ လည်လည် ရှိလာတယ်။ပြောရရင်တော့ အားရကျေနပ်မှု ရှိတယ်။ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ဆွေးနွေး ညှိနှိုင်းရတဲ့ အခါမှာလည်း တော်တော်လေး အလားအလာ ကောင်းတယ် လို့ကျွန်တော်တို့မြင်တယ်။အဲဒီ အပေါ်မှာတော့ အပြုသဘော ဆောင်တဲ့အမြင်နဲ့ပဲ ဆက်လုပ် သွားမှာပါ။ ဆက်ကြိုးပမ်း သွားမှာပါ။”ဟု ၎င်းက ပြောသည်။

လက်မှတ် ရေးထိုး

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂) အား အစိုးရ အစုအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော် အစု အဖွဲ့မှ ဦးအောင်စိုး ၊ တပ်မတော်သား အစုအဖွဲ့မှ ဗိုလ်ချုပ် စန်းမြင့် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးသုဝေတို့က လက်မှတ် ရေးထိုး ခဲ့ကြသည်။

ညီလာခံ ဆွေးနွေးမှု

ယခု ကျင်းပခဲ့သည့် ညီလာခံတွင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် နှင့် နိုင်ငံရေး ပါတီ အစု အဖွဲ့တို့မှ ကဏ္ဍ အလိုက် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂) အဖြစ် နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက် ၊ လူမှုရေးကဏ္ဍ ၇ ချက် နှင့် မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ ၂ ချက်တို့အား သဘောတူခဲ့ကြသည်။

ပြည်ထောင်စု သဘောတူ စာချုပ်ကြီး

“အခု သဘောတူညီလိုက်တဲ့ အချက်တွေက ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နောင် တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့အတွက် နောက်ထပ်တက်လှမ်းလိုက်တဲ့ ခြေလှမ်းသစ်တွေလည်း ဖြစ်ပါတယ်။ အချို့ကလည်း ရရှိခဲ့တဲ့အချက်တွေ နည်းနေသေးတယ်လို့ မြင်ပါလိမ့်မယ်။ ပြန်ကြည့် လိုက်ရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံရဲ့ ဒုတိယအကြိမ် နဲ့ တတိယ အကြိမ် အစည်းအဝေး တွေအကြားမှာ အချိန်ကာလအားဖြင့် (၁)နှစ်ကျော်ကြာမြင့်ခဲ့တာကို အားလုံးသိရှိထားပြီး ဖြစ်ပါတယ်။ ညီလာခံ တတိယအစည်းအဝေး ကျင်းပနိုင်ဖို့ကို အများကြီး ညှိနှိုင်းတိုင်ပင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

ညီလာခံကြီး ရပ်တန့်မနေ

ယနေ့လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အစိတ်အပိုင်း(၂) သဘောတူညီချက်များသည် ညီလာခံကြီး ရပ်တန့်မနေကြောင်း ၊ နောက်ပြန်လှည့် မသွားကြောင်း ၊ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေကြောင်း ဆိုသည်ကို အထင်အရှား ဖော်ပြနေသည်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အစိတ်အပိုင်း(၂)

နိုင်ငံရေး ကဏ္ဍ ၄ ချက်တွင် ကျား/မဆိုင်ရာတန်းတူညီမျှမှု အဖြစ် ၁။ ဒီမိုကရေစီ နှင့် ဖယ်ဒရယ်စနစ်တို့ အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မ ဆိုင်ရာ လိင်ကွဲပြားမှုများကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေး နှင့် တန်းတူညီမျှ မှုရှိစေရေးအတွက်မူဝါဒချမှတ်ရမည်။ ၂။ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန်။ ၃။ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှု များအား ကာကွယ်နိုင်သည့် မူဝါဒများ ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်။ ၄။ ကျား/မ ဆိုင်ရာ တန်းတူညီမျှကို အထောက်အကူပြုစေရန် အမျိုးသမီးများ ၏ စွမ်းဆောင်ရည် ကိုမြှင့်တင်ပေးရမည်ဟု ပါဝင်သည်။

စီးပွားရေး ကဏ္ဍ ၁ ချက်

စီးပွားရေးကဏ္ဍ ၁ ချက်တွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသည် မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ အများပြည်သူအကျိုးစီးပွားများအတွက် ဦးစားပေးအကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာဖွံ့ဖြိုးမှုမူဝါဒ နှင့် စီမံကိန်းများကို ရေးဆွဲချမှတ် ဖော်ဆောင်ခွင့်ရှိရမည်။ ထိုသို့ ရေးဆွဲရာတွင် ပြည်ထောင်စုစီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများ ကို သဟဇာတဖြစ်စေရေး နှင့် ဆက်စပ်သော အခြား တိုင်းဒေသကြီး/ပြည်နယ်များ ၏ အကျိုးစီးပွား ကို ထိခိုက်မှု မရှိစေရေး ထည့်သွင်းစဉ်းစားရန် တို့ပါဝင်သည်။

လူမှုရေး ကဏ္ဍ ၇ ချက်

လူမှုရေးကဏ္ဍ ၇ ချက်တွင် ၁။ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ အား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်း နှင့် အကောင်အထည်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။ ၂။ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ်ဖော်ဆောင်ရန်။ ၃။ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) စနစ်ကိုဖော်ဆောင်ရန်။ ၄။ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဌာန်းပေးရန်။ ၅။ လူမှု ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် လူမှုသဟဇာတ (Social Cohesion) သဘောတရား များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်။ ၆။ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးစားမှုဆိုင်ရာ အန္တရာယ် လျှော့ချရေး (Harm Reduction)၊ ကုသရေး နှင့် ပြန်လည်ထူထောင် ရေးအတွက် ထိရောက်သော မူဝါဒများ ချမှတ်ဆောင်ရွက်ရန်။ ၇။ ကလေးသူငယ် အခွင့်အရေးရရှိရန် နှင့် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေး နှင့် ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု (၆)ချက် (Six Grave Violations) ပပျောက်ရေး ကို ဦးတည်၍ စီမံချက်ချမှတ်ဆောင်ရွက်ရန် တို့ပါဝင်သည်။

မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ ၂ ချက်

မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ ၂ ချက်တွင် အကာအကွယ်ပြုရေးဆိုင်ရာအစီအမံများ အဖြစ် ၁။နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသား နှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ။ ၂။ မြေယာကို အသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း နှင့် ဒေသခံပြည်သူလူထု နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် တို့ပါဝင်သည်။

တက်ရောက်သူ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးအား ဇူလိုင် ၁၁ ရက်မှ ၁၆ ရက် အထိ ၆ ရက်ကြာ ကျင်းပခဲ့ပြီး စုစုပေါင်း ၁၁၁၂ ဦး တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.