Connect with us

Politics, Law & Military

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ နှစ်ခုလက်မှတ်ရေးထိုး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့ တွေ့ဆုံဆွေးနွေးစဉ်(နိုင်ငံတော်သမ္မတ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ နှစ်ခုအား ယနေ့တွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ၂ဝ၁၈ – ၂ဝ၂၁ ခုနှစ်ကာလအတွက် အိန္ဒိယသမ္မတနိုင်ငံ အစိုးရနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရတို့အကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းရွက်မှုအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံ အမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ တို့ကလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးသည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများ အတွက် သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်နှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီတို့က လည်းကောင်း လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြကြောင်း သိရသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယဘက်မှ ထောက်ပံ့ပေးလျက်ရှိသည့် Prefabricated Houses အလုံး (၂၅ဝ) အနက် တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး ၅ဝ ကို PB Board ဖြင့် အိန္ဒိယသမ္မတနိုင်ငံကိုယ်စား သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး အဆိုပါ တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့ နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ အကူအညီပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန် ရိုင်းပင်းကူညီရေး တို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ်ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးအတွက် အိန္ဒိယ သမ္မတနိုင်ငံဘက်မှ ကူညီထောက်ပံ့ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံ ဘုရားများ ပြုပြင်မွမ်းမံရေးတွင် အကူအညီပေးနေသည့်ကိစ္စ၊ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲတိုးတက်စေရေး၊ အိန္ဒိယနိုင်ငံသား ခရီးသွားများ အတွက် မြန်မာနိုင်ငံဘက်မှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်းကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် နှင့်ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ် တို့သည် ဒီဇင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.