Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံများအား မြေရှင်မရှိပါက ဖျက်သိမ်းကြောင်း ကော်မတီ၏ အစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံများသည် မူလနေထိုင်သူနှင့် ဘေးပတ်ဝန်းကျင်အား အန္တရာယ်ကျရောက်နိုင်မည့် အခြေအနေ ဖြစ်ပေါ်ပါက မြေရှင်ရှိသည့် အဆောက်အအုံဖြစ်လျှင် မြေရှင်ကို ဖျက်သိမ်းဆောင်ရွက်စေပြီး မြေရှင်မရှိသည့် အဆောက်အအုံဖြစ်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် အဆောက်အအုံဟောင်းအား ဖျက်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အောက်တိုဘာလ ၇ ရက်တွင်  ကျင်းပသော လွှတ်တော်အစည်းအဝေး၌ မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ်မှတ်ထားသော အဆောက်အအုံအဟောင်းများအနက်မှ ပြိုကျလုနီးပါး အခြေအနေသို့ ရောက်ရှိနေသော အဆောက်အအုံများအား ပိုင်ရှင် (သို့) သက်ဆိုင်သူမှ ဖြိုဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ မပြုလုပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ပြီး ကုန်ကျစရိတ်များ တောင်းခံသွားရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသော အဆောက်အအုံများကို ကော်မတီမှ နေထိုင်အသုံးပြုသူများအားလုံး မည်သူမျှ ဆက်လက်နေထိုင်ခြင်း၊ ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုရန် တားမြစ် သင်္ကေတချိတ်ဆွဲပြီးဖြစ်သဖြင့် နေထိုင်အသုံးပြုသူများ ပြောင်းရွှေ့ဖယ်ရှားပြီးပါက အဆိုပါအဆောက်အအုံ များကို ဖြိုဖျက်ခွင့် ပြုပါတယ်။ အဆောက်အအုံသစ်ဆောက်လုပ်ရန်မှာ မူလနေထိုင်သူများ၊ မြေရှင်နှင့် ကန်ထရိုက်တာ သုံးဦး၊ သုံးဖလှယ် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။ အန္တရာယ်ရှိ အဆောက်အအုံများကို အဆောက်အအုံသစ် ပြန်လည်မဆောက်လုပ်နိုင်မီ ကာလအတွင်း အဆောက်အအုံ ပျက်စီးမှုများဟာ မူလနေထိုင်သူနှင့် ဘေးပတ်ဝန်းကျင်အား အန္တရာယ်ကျရောက်စေနိုင်မည့် အခြေအနေ ဖြစ်ပေါ်လာပါက မြေရှင်ရှိသည့် အဆောက်အအုံဖြစ်လျှင် မြေရှင်ကို ဖျက်သိမ်းဆောင်ရွက်စေပြီး မြေရှင်မရှိသည့် (မြေပိုင်ဆိုင်မှုမမှန်ကန်သည့်) အဆောက်အအုံဖြစ်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် အဆောက်အအုံဟောင်း ဖျက်သိမ်းခြင်းကို ဆောင်ရွက်ပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။  (Xinhua)