Connect with us

Politics, Law & Military

အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် ကာကွယ်ရေးနည်းလမ်းများ အပြည့်ကျင့်သုံး ထားဟုဆို

ရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

COVID-19 ကာလအတွင်း  အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာဖြင့် မဲပေးနိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို အပြည့်ကျင့်သုံးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ရောဂါ မကူးစက်ဖို့အတွက် မဲပေးတာနဲ့တော့ မကူးစက်အောင်လို့တော့ သေချာ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ Transmission တွေ ၊ Chain တွေကို Block လုပ်ထားတယ်။ ဒီဘက်ကလည်း လိုက်နာရမယ့် အပိုင်းကတော့ မြန်မြန်လေးပေးပြီးတော့ ထိတွေ့မှု အနည်းဆုံး ဖြစ်အောင် နေထိုင်ပြီးတဲ့ အခါကြတော့ ပြီးသွားမှာပေါ့နော်  ။ ကျွန်တော်တို့အနေနဲ့ကတော့ လုံခြုံစိတ်ချစွာနဲ့ အသက် ၆၀ နှစ်နဲ့အထက် မိမိတို့ နိုင်ငံသားတွေအနေနဲ့လည်း မဲကို အပြည့်အဝ ပေးနိုင်အောင်လို့ ကျွန်တော်တို့က ဒီဘက်ကတော့ ကာကွယ်ရေး နည်းလမ်းတွေတော့ အပြည့်ကျင့်သုံးထားတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

COVID-19 ရောဂါကူးစက် ဖြစ်ပွားနေမှု အခြေအနေအရ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များ နှင့် လူဦးရေ ထူထပ်သော မြို့နယ်များ(၁ စတုရန်းကီလိုမီတာတွင် ပျှမ်းမျှလူဦးရေ ၅၀၀၀ ဦး နှင့်အထက်) တွင် နေထိုင်သော ရောဂါကူးစက်ခံရမှု လွယ်ကူနိုင်သည့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက  စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “အသက် ၆၀ ကျော်တွေ COVID-19 ကပ်ရောဂါ မကူးစက်အောင်လို့ Stay at Home တို့ ၊ လူဦးရေ သိပ်သည်းဆ ရှိတဲ့ မြို့နယ်တွေ ဆိုလို့ရှိရင် ရပ်/ကျေး ကော်မရှင်ခွဲတွေက သူတို့အိမ်တွေကို သွားရောက်ပြီး ကြိုတင်မဲပေးနိုင်အောင် ကူညီဆောင်ရွက်ပေးမှာပါ ။ အဲလို မသတ်မှတ်ထားတဲ့ မြို့နယ်ကတော့ အဲဒီ အသက် ၆၀ ကျော်တွေက သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ရုံးကို လာပေးရမှာပါ ။ အိမ်တိုင်ရာရောက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်က နှစ်ဦးပါတယ်။ အဲဒီရပ်ကွက်မှာ မဲရုံမှူး လုပ်မယ့် သို့မဟုတ် ဒုတိယ မဲရုံမှူး လုပ်မယ့် ဝန်ထမ်း တစ်ဦးပါတယ်။ မဲစာရင်း စစ်ဆေးမယ့်သူ တစ်ဦးပါတယ်။ မဲလက်မှတ် ထုတ်ပေးသူ တစ်ဦးပါတယ်။ ဒါက ကော်မရှင်က ဖွဲ့ပေးတဲ့ အုပ်စုပါ ။ သူတို့က ကားနဲ့ သွားမှာပါ ။ အဲဒီမှာ လေ့လာစောင့်ကြည့်မယ့် ကိုယ်စားလှယ်လောင်းတွေ ဘာတွေက လိုက်ကြည့်လို့ရပါတယ်။ အဲလိုကောက်တဲ့ မဲရုံဝန်ထမ်းတွေ ၊ ကော်မရှင်တွေကိုလည်း ကျွန်တော်တို့ Mask ဝေတာတို့ ၊ Hand gel ပေးလိုက်တာတို့ ကျွန်တော်တို့ ဆောင်ရွက်ပေးပါတယ်။”ဟု ယနေ့ ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုများအရ အသက် ၆၀ နှစ် နှင့်အထက်တွင် ရောဂါ ဖြစ်ပွားမှုနှုန်း ၁၁ ရာခိုင်နှုန်းဝန်းကျင် ရှိကြောင်း ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။

“ဖြစ်ပွားမှုနှုန်းကတော့ အသက် ၆၀ အထက်မှာက နည်းတယ်။ ၆၀ နှစ်ကနေပြီးတော့ ၇၉ နှစ်က ၁၀ ရာခိုင်နှုန်း ၊ ၈၀ နှစ်ကနေ အသက် ၁၀၀ အဲဒီကြားမှာ ၁ ရာခိုင်နှုန်း ။ အဲဒီတော့ အသက် ၆၀ နှစ်နဲ့အထက် ပြောရင် ၁၁ ရာခိုင်နှုန်း။ ၃ သောင်းကျော်ပေါ့ ။ ၁၅ ရက်နေ့အထိ လူနာပေါင်း ၃၂,၃၅၁ ဦး ဖြစ်တဲ့အထဲမှာ အသက် ၆၀ နဲ့အထက် ဖြစ်ပွားသူတွေက ၁၁ ရာခိုင်နှုန်းလောက် ပါတယ်။ ဒါပေမယ့် အဲဒီ ၁၁ ရာခိုင်နှုန်းလောက် ပေမယ့် သေဆုံးတဲ့သူတွေထဲမှာတော့ ၇၀ ရာခိုင်နှုန်း ပြန်ဖြစ်သွားတယ်။ အသက်အရွယ်ကြီးရင့်တဲ့သူတွေ ကြားထဲမှာ ရောဂါအခံရှိတဲ့သူတွေပေါ့နော် ။ ရောဂါအခံ ရှိတဲ့သူကြတော့ ပိုမြင့်တယ် ။ ရောဂါအခံရှိတဲ့သူတွေကြားထဲမှာ သေဆုံးမှုက ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အသက်အရွယ်လဲ  ကြီးတယ် ။ ရောဂါ အခံလဲ ရှိတယ်ဆိုရင်တော့ များနိုင်တယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အသိပညာများ နှင့် လုပ်ငန်းလမ်းညွှန်များအားလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ အသက် ၆၀ ကျော် အရွယ်ရှိသူ ကြိုတင်ဆန္ဒမဲပေးမည့်သူ တစ်ဦးက “အခုလို COVID-19 ကာလမှာ အပြင်ထွက်ပြီး မဲပေးဖို့က တော်တော် စဉ်းစားရမှာပါ ။ အခုလို အသက်ကြီးတဲ့သူတွေကို ကိုယ့်အိမ်မှာပဲ မဲပေးဖို့ စီစဉ်ပေးထားတာ ကောင်းပါတယ်။ မဲလာယူရင်လည်း COVID-19 ကာကွယ်ရေးအကြံပြုချက်တွေအတိုင်း သေသေချာချာ ထိတွေ့မှု အနည်းဆုံး ဖြစ်အောင်လုပ်ပြီး မဲပေးသွားမှာပါ။”ဟု ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် အသက် ၆၀ နှစ်နှင့်အထက်ရှိသူ မဲဆန္ဒရှင်များ အနေဖြင့် နိုဝင်ဘာလ ၅ ရက်အထိ သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန် ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.