Connect with us

Politics, Law & Military

ဦးထင်ကျော် သမ္မတ အဖြစ် ရွေးချယ်ခံရမှုအား ပြည်သူများ ကြိုဆို

ဦးထင်ကျော် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခံရမှုနှင့် ပတ်သက်၍ အငြိမ်းစား ဝန်ထမ်းတစ်ဦး ဖြစ်သည့် ဦးဝင်းသန့်မှ ဆင်ဟွာ သတင်းဌာနကို ၎င်း၏ အမြင်အား ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၌ အလုပ်အမှုဆောင် အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်ခံရသည့် အတွက် ဂုဏ်ယူကြောင်း သမ္မတ ရွေးချယ်မှုအား စောင့်ကြည့်သူ ပြည်သူများက ဆင်ဟွာသို့ ပြောကြားခဲ့ကြသည်။

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်း အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်က “ဦးထင်ကျော်က အများ တင်မြှောက်တဲ့ သမ္မတဖြစ်တယ်။ ပြည်သူ့ သမ္မတပေါ့။ အဲ့ဒီအတွက် ဝမ်းသာတယ်။ ကြိုဆိုတယ်။ ပုဂ္ဂိုလ်ရေး ခင်မင်မှုတွေ ရှိတော့မှာ မဟုတ်ဘူး။ အာမခံမှုတွေ ရှိလာမယ်။ ဥပဒေ နဲ့ အညီ လုပ်ဆောင်လာရမယ်။ ဒါတွေကို ပြည်သူတွေက လည်း လက်ခံနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ထားမယ်’’ ဟု ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲပြီးသည့် နောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့ တာဝန်ယူစဉ် ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စများရှိသလို ကျန်ရှိသည့် ကိစ္စများသည် သမ္မတ ဦးထင်ကျော် ဦးဆောင်မည့် အစိုးရလက်ထက်တွင် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။

ဦးထင်ကျော် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခံရမှုနှင့် ပတ်သက်၍ မဟာစံ လက်ဖက်ရည်ဆိုင်ရှင် ဦးလှဝင်းက ဆင်ဟွာ သတင်းဌာနကို ၎င်း၏ အမြင်အား ပြောကြားနေစဉ် (ဆင်ဟွာ)

ဦးထင်ကျော် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခံရမှုနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်မှ တတိယနှစ် မြန်မာစာ သင်ကြားနေသူ မောင်လွင်မိုးဟိန်းက ဆင်ဟွာ သတင်းဌာနကို ၎င်း၏ အမြင်အား ပြောကြားနေစဉ် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲအား ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က “ ပြည်သူတွေရဲ့ဆန္ဒ အကောင်အထည် ပေါ်လာတာ ဖြစ်တယ်။ အစိုးရသစ် အနေနဲ့ ညီညွတ်မျှတပြီး အများစု ပူးပေါင်း ပါဝင်နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်သလို ပြည်သူလူထုက လက်ခံနိုင်တဲ့ အနေအထားမျိုး ဖော်ဆောင်နိုင်တဲ့ အစိုးရဖြစ်ဖို့ ကြိုးစားရမှာ ဖြစ်တယ်’’ ဟုပြောသည်။

ပြည်သူများသည် ယနေ့ သမ္မတရွေးချယ်ပွဲ လွှတ်တော် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်မှုကို မိမိတို့ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

အသက် ၇၆ နှစ် အရွယ် အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးဝင်းသန့်က “ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ သမ္မတ ရွေးပွဲကို စောင့်ကြည့်နေတာပါ။ ဦးထင်ကျော် သမ္မတဖြစ်လို့ အရမ်းဝမ်းသာတယ်။ ကျွန်တော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲထည့်ခဲ့တယ်။ NLD က ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပေးတဲ့ ဦးထင်ကျော် သမ္မတဖြစ်လို့ ဝမ်းသာတယ်။ သမ္မတသစ် ဦးထင်ကျော် အနေနဲ့ ဆောင်ရွက်စရာတွေ စိန်ခေါ်မှုတွေ ရှိဦးမယ်လို့ ထင်ပါတယ်’’ ဟု ပြောသည်။
ပြည်သူများ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား အများစု မဲထည့်ခဲ့ကြသလို ပြည်သူ့ အစိုးရစစ်စစ် အဖြစ် မျှော်လင့်ကြောင်း၊ ပြည်သူ့အစိုးရ ဖြစ်မဖြစ်ကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြည်သူတချို့အား မေးမြန်းချက်အရ သိရသည်။
တောင်ဥက္ကလာ ၁၄ ရပ်ကွက်၊ သံသုမာ လမ်းမပေါ်ရှိ မဟာစံ လက်ဖက်ရည်ဆိုင်ရှင် ဦးလှဝင်းက “ကျွန်တော်တို့ဆိုင်မှာ လွှတ်တော်ရုပ်သံလိုင်း ပြထားတယ်။ ဒီနေ့ က တိုင်းပြည်အတွက် အရေးကြီးပါတယ်။ NLD ကို မဲထည့်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ရွေးတဲ့ အရပ်သား အစိုးရဖြစ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ ဆောင်ရွက်စရာတွေ အများကြီး ရှိသေးတယ်။ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်’’ဟု ပြောသည်။
အသက်၂၀ အရွယ်ရှိ ဒဂုံတက္ကသိုလ်မှ တတိယနှစ် မြန်မာစာ သင်ကြားနေသူ မောင်လွင်မိုးဟိန်းက “ ကျွန်တော်က NLD ကို မဲထည့်ခဲ့တာပါ။ ဦးထင်ကျော် သမ္မတဖြစ်လို့ ပျော်တယ်။ ပညာရေးကဏ္ဍ နဲ့ အားကစားကဏ္ဍတွေကို ဆောင်ရွက်စေချင်ပါတယ်’’ ဟု ပြောသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် နိုင်ငံတော်သမ္မတအား ရွေးချယ်ရာတွင် ဦးထင်ကျော်မှ ထောက်ခံမဲ ၃၆၀ ဖြင့် နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံရပြီး ဦးမြင့်ဆွေမှ ထောက်ခံမဲ ၂၁၃ မဲဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူမှ ထောက်ခံမဲ ၇၉ မဲဖြင့် ဒုတိယသမ္မတ (၂) နေရာကို ရရှိခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.