Connect with us

Politics, Law & Military

နိုင်ငံ နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် နှင့် ဒုတိယ အကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့ လယ်စာ စားပွဲ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

လွှတ်တော် အတွင်းမှာပဲ ရှိသည် ဖြစ်စေ ၊ လွှတ်တော် ပြင်ပမှာပဲ ရှိသည် ဖြစ်စေ နိုင်ငံနှင့် နိုင်ငံသူ/သားများ၏ အကျိုးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဇန်နဝါရီ ၂၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် နှင့် ဒုတိယ အကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လယ်စာ စားပွဲ အခမ်းအနားတွင် နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ် အဟောင်း များ၏ ဆောင်ရွက်ချက်များအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မိမိတို့မိတ်ဆွေများပဲ ဖြစ်စေ ၊ ပြိုင်ဘက်များပဲ ဖြစ်စေ မိမိတို့၏ အရည်အသွေးများကို တိုးတက်အောင် လုပ်ပေးနိုင်ကြောင်း ၊ ထိုကဲ့သို့သော စိတ်ဓာတ်ဖြင့် မိမိတို့လက်တွဲပြီး ကိုယ့်ရှိသည့် အရည်အသွေးများသည် ကိုယ့်၏ နိုင်ငံအတွက် ၊ နိုင်ငံသူ/သားများ အတွက် ကိုယ့်၏ အစုအဖွဲ့၊ ကိုယ့်အတွက် မဟုတ်ဟု စိတ်ထား နိုင်မည် ဆိုလျှင် နိုင်ငံတွင် ဒီမိုကရေစီ စနစ် ထွန်းကား အမြစ်တွယ် ရုံတင်မက နိုင်ငံသူ/သားများသည် ချမ်းသာ ကြွယ်ဝပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စုကြီးတွင် ဆက်လက် ရှင်သန်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် နှင့် ဒုတိယ အကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လယ်စာ စားပွဲ အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နှုတ်ဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် နှင့် ဒုတိယ အကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လယ်စာ စားပွဲ အခမ်းအနားတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှုတ်ဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် နှင့် ဒုတိယ အကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လယ်စာ စားပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ထိုအခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နှုတ်ဆက်စကား ပြောကြားရာတွင် နောင် တာဝန်ယူကြမည့် လွှတ်တော်များ ၊ အစိုးရ အဖွဲ့များကလည်း ပထမအကြိမ် လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ်များ နည်းတူ ၊ လွှတ်တော်များ နည်းတူ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း ထိုသို့ဆောင်ရွက်ပါက မိမိတို့နိုင်ငံသည် တစ်ခြား နိုင်ငံများနှင့် ရင်ဘောင်တန်း ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း ၊ နောင်တက်လာမည့် လွှတ်တော်များ ၊ နောင်ဖွဲ့စည်း ပေါ်ပေါက်လာမည့် အစိုးရ အဖွဲ့အောင်မြင်ပါစေဟု ဆုတောင်း စကား ပြောကြားပြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည့် နှုတ်ဆက် စကား ပြောကြားခဲ့စဉ်က နာစရာများ ရှိပါက လွမ်းစရာ ဖြင့် ဖြေရန် ဟု ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များ အချင်းချင်း အပြင် ကျန်သော ပြည်သူပြည်သား ၊ အဖွဲ့အစည်း အသီးသီးအား ဆိုလိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှုတ်ဆက်စကား ပြောကြားရာတွင် လွှတ်တော်များသည် ပြည်သူလူထု၏ ယုံကြည်မှု ရရှိရန် လိုအပ်ကြောင်း ၊ ပြည်သူလူထု၏ ကိုယ်စား လွှတ်တော်ထဲ ရောက်ရှိလာပြီး ပြည်သူလူထု၏ ယုံကြည်မှု ရမှ ပြည်သူ၏ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိမည်၊ ပြည်သူ၏ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိမှလည်း ရေရှည် ဖွံ့ဖြိုး တိုးတတ်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ၊ ယခု ရွေးကောက်ပွဲတွင် အောင်နိုင်ပြီး ဝင်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ် အသစ်များ အနေဖြင့် လွှတ်တော်၏ အခန်းကဏ္ဍကြီးကို တိုးတက်သထက် တိုးတက်အောင် ၊ ခိုင်မာသည်ထက် ခိုင်မာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် နှင့် ဒုတိယ အကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လယ်စာ စားပွဲ အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဌ ၊ လွှတ်တော် ကိုယ်စားလှယ်များက သီချင်း ၊ အက သီဆိုဖျော်ဖြေမှုများလည်း တင်ဆက်ခဲ့ကြသည့် အပြင် အခမ်းအနားသို့ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းလည်း ပါဝင် တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.