Connect with us

Politics, Law & Military

ARSA အကြမ်းဖက်အုပ်စုအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး ဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ARSA အကြမ်းဖက်အုပ်စုအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေးကို နိုဝင်ဘာ ၂၅ ရက်၌ကျင်းပသော နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအား နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး၊ နယ်စပ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများနှင့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့မှ ကာကွယ် တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပေးပို့ရေးများ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က နှစ်နိုင်ငံနယ်နိမိတ် မြန်မာ နိုင်ငံဘက်မှ ခြံစည်းရိုးကာရံမှုတွင် နယ်ခြားမှတ်တိုင် ၆၅ နှင့် ၆၆ တို့နှင့်ပတ်သက်၍ မိမိနယ်မြေ အတွင်း၌သာ ကာရံထားသည့် အခြေအနေကိုလည်းကောင်း၊ ARSA အကြမ်းဖက် အုပ်စုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အခြေပြုလှုပ်ရှား၍ မြန်မာ့လုံခြုံရေးအဖွဲ့များအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နေမှုအခြေအနေ၊ ARSA အကြမ်းဖက်အုပ်စု၏ မိုင်းထောင် ဖောက်ခွဲမှု ကြောင့် နိုဝင်ဘာ ၁၇ ရက်တွင် မောင်တောမြို့နယ် လိပ်ရကျေးရွာအနီး အရပ်သားပိုင် မော်တော်ယာဉ်တစ်စီး မိုင်းထိ၍ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့မှုအခြေအနေတို့ကို Video Clip နှင့် ဓာတ်ပုံများပြသ၍လည်းကောင်း ဆွေးနွေးခဲ့ပြီး နယ်စပ်ခြံစည်းရိုးအနီး လာရောက်ပစ်ခတ်မှုများ၊ မိုင်းထောင်သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကိုးဦးသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ငါးဖမ်းစက်လှေဖြင့် တရားမဝင် ဝင်ရောက်လာမှုကို နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ အပြစ်မဲ့ပြည်သူများဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာများအား လေးစားလိုက်နာသော အားဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ အဆိုပါ ဆွးနွေးပြီး ၎င်းတို့ ကိုးဦးနှင့်အတူ ဖမ်းဆီးရမိ လှေများ/ပါရှိ ပစ္စည်းများကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အနေဖြင့်လည်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သတင်းများရရှိက ဖလှယ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာဘက်မှ ဆွေးနွေးပြောကြားချက်များကို အထက် တာဝန်ရှိသူများထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)