Connect with us

Politics, Law & Military

 (ICJ)၌ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စရပ်အား ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ရှင်းလင်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOFA)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့့်ဒီဇင်ဘာလ ၁၂ ရက်  ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စရပ်အားဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား နိဂုံးချုပ် လျှောက်လဲရာတွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ဂမ်ဘီယာနိုင်ငံမှ တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံ ဆောင် ရွက်ချက်အား ပယ်ချရန် ရုံးတော်သို့ မေတ္တာရပ်ခံ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြသည့် ဥပဒေအကြံပေးများနှင့် ရှေ့နေများက ဂမ်ဘီယာ နိုင်ငံမှ ယမန်နေ့နံနက်က တင်ပြခဲ့သည့်ကိစ္စများအပေါ် ပြန်လည်တုန့်ပြန်မှုများ ပြုလုပ်ကြပြီး ဒေါက်တာ Christopher Staker က prima facie jurisdiction နှင့် prima facie standing အပါအဝင် ကြားဖြတ်စီမံဆောင်ရွက်ချက် တောင်းဆိုမှုတို့နှင့် စပ်လျဉ်း၍ ဂမ်ဘီယာမှပြောကြားချက် များအပေါ် ပြန်လည် တုန့်ပြန် ပြောကြားခဲ့သည်။

အလားတူ ပါမောက္ခ William Schabas က ဂမ်ဘီယာမှ ပြောကြားသည့် ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့(United Nations Fact Finding Mission) နှင့် Lack of a Plausible Claimနှင့် စပ်လျဉ်း၍ ပြန်လည်တုန့်ပြန်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ရှင်းလင်းပြောကြားမှု အစီအစဉ်သို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော် တင့်ဆွေနှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေကြသည့် ပြည်တွင်း၊ ပြည်ပဥပဒေပညာ ရှင်များနှင့် ၎င်းတို့၏အထောက် အကူပြုအဖွဲ့ဝင် များတက် ရောက်ကြသည်။

ယင်းနေ့တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံ အားပေးဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသော ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြား ပြည်ပနိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသား များက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရှေ့၌ လာရောက် ထောက်ခံအားပေး ဝန်းရံကြသည်။

တရားရုံးကြားနာမှုပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သည်ဟိတ်ဂ်မြို့မှ ပြန်လည် ထွက်ခွာကြမည့် မြန်မာအသိုက်အဝန်းနှင့် လည်းကောင်း၊ မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများအပါအဝင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာအသိုက်အဝန်းနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံး ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.