Connect with us

Politics, Law & Military

စစ်တပ်နှင့် KIAတိုက်ပွဲပြန်ဖြစ် (၄) ဦးကျ (၇) ဦးဒဏ်ရာရ

(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ဗိုလ်ရှုခံ အခမ်းအနားတွင် မြန်မာ တပ်မတော်သားများ စစ်ရေးပြ လမ်းလျှောက်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ (၄)ဦးကျဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ထုတ်ပြန်သည်။

တပ်မတော် စစ်ကြောင်းများက ဖားကန့်မြို့နယ် အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် အရှေ့တောင်ဘက် ၂ မိုင်ခန့်သို့ ရောက်ရှိစဉ် အင်အား (၄၀) ခန့်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲဖြစ်ပွားမှုတွင် KIA အဖွဲ့ထံမှ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၃ဝ တောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကေအိုကျည် ၅ဝ တောင့်၊ အမ်-၂၂ ကျည်အိမ် တစ်ခု၊ ဒီတိုနေတာ ၁၆၅ ချောင်း၊ ၄ဝ (မမ)ဗုံးသီး နှစ်လုံး၊ KIA ယူနီဖောင်း ၁၅ ထည်ကို သိမ်းဆည်းရမိခဲ့သည်။

နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရ စစ်သည်များအား ခေါ်ဆောင်ရန်အတွက် ဆိပ်မူကျေးရွာမှ တပ်မတော် စစ်ကြောင်းများက လာရောက် ပူးပေါင်းဆောင်ရွက်စဉ် ဖားကန့်မြို့၏ တောင်ဘက် ၁ မိုင်ခွဲခန့် နေရာသို့ ရောက်ရှိစဉ် KIA အဖွဲ့အချို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြို ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ KIA အဖွဲ့မှ အလောင်း တစ်လောင်း၊ သံသယဖြစ်ဖွယ် ငါးဦး၊ လူနေတဲ ငါးလုံး၊ လမ်းလျှောက် စကားပြောစက် တစ်လုံးနှင့် ဆိုင်ကယ် သုံးစီးတို့အား ထပ်မံသိမ်းဆည်း ရမိသည်။ (Xinhua)