Connect with us

Politics, Law & Military

“ဝ” ၊ မိုင်းလား၊ RCSSတို့ ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် သမ္မတနှင့် သီးသန့် ဆွေးနွေး

နိုင်ငံတော်သမ္မတနှင့် မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း၏ ဇနီး (ဦးဖုန်ကြားရှင်၏သမီး) တို့တွေ့ဆုံစဉ် ( ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းထုံမြို့နယ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့သည် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ရန် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တိုင်းရင်းသား အဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင်များသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မည ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နိုင်ငံတော် သမ္မတသည် မေလ (၈) ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့နယ်တွင် တိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ချင်းစီကို သီးခြားတွေ့ဆုံရာ မိုင်းလား အဖွဲ့နှင့်တွေ့ဆုံစဉ် မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း၏ ဇနီး ( ဦးဖုန်ကြားရှင်၏သမီး) ပါဝင်ခဲ့ပြီး သမ္မတကို ၎င်း၏ဖခင် ဦးဖုန်ကြားရှင်၏ မိသားစု အရေး ကိစ္စနှင့်ပတ်သက်၍ တင်ပြခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။

‘ဝ’အဖွဲ့မှ ဒုတိယ ခေါင်းဆောင် ဦးပေါက်ယူရီ ခေါင်းဆောင်အဖွဲ့သည် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် ပန်ဆန်း(ပန်ခမ်း) တိုင်းရင်းသား ညီလာခံနှင့် ပတ်သတ်ပြီး ရှင်းလင်းခြင်း၊ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးသည့် အဖွဲများ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်၌ အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရန် တိုက်တွန်း သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ဥက္ကဌ ဦးယွက်စစ်အဖွဲ့ နှင့် နိုင်ငံတော် သမ္မ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ပန်ဆန်းညီလာခံ၌ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး ကြန့်ကြာ သွားမည်ကို စိုးရိမ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ၌ ဦးဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့ကို အားပေး ထောက်ခံမှုမရှိကြောင်း ‘ဝ’နှင့် မိုင်းလား နှစ်ဖွဲ့စလုံးက ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် မြန်မာ-လာအို ချစ်ကြည်ရေး တံတား ဖွင့်ပွဲအတွက် ကျိုင်းတုံမြို့ သို့ရောက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် သုံးနာရီ နီးပါး တွေ့ဆုံ ဆွေးနွေးခဲ့သည်။ (Xinhua)