Connect with us

Politics, Law & Military

၂၁ ပင်လုံညီလာခံကျင်းပနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒလေးရပ်ချမှတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ် မထိုးရသေးဘဲ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အခွင့်အလမ်းဆိုင်ရာ မူဝါဒ အပါအဝင် ထိုညီလာခံနှင့် ပတ်သက်သည့် အရေးကြီး မူဝါဒ လေးရပ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ (UNPJC) အစည်းအဝေး တတိယနေ့၌ ချမှတ် ပေးခဲ့သည်ဟု ကော်မတီအဖွဲ့ဝင် ဦးဇော်ဌေးက ပြောသည်။

“နံပါတ် (၁) မူဝါဒက NCA သဘောတူ စာချုပ်တုန်းက NCA လက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရမယ်လို့ ပါရှိပါတယ်။ အခု မထိုးရသေးတဲ့ ၈ ဖွဲ့က မေးတယ်၊ သူတို့NCA ကို ချက်ချင်း မထိုးဖြစ်သေးတဲ့ အချိန်မှာ ဒီညီလာခံကို တက်ရင် ဘာ အခွင့်အရေး ရမလဲ။ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတုန်းကလည်း သူတို့က NCA မထိုးထားသူတွေဖြစ်လို့ လေ့လာသူတွေ အနေနဲ့ပဲ ပါဝင်ခွင့် ရခဲ့တယ်။ ဒီတော့ လာမယ့် ပင်လုံ ညီလာခံကို NCA လက်မှတ် မထိုးသေးဘဲနဲ့ တက်ရင် ဘာ အခွင့်အရေး ရမလဲလို့သူတို့က မေးတယ်။ ဒါနဲ့ပတ်သက်တဲ့ မူဝါဒ ချပေးပါတယ်” ဟု ယနေ့ အစည်းအဝေး ခေတ္တနားချိန်တွင် ၎င်းက မီဒီယာကို ပြောခဲ့သည်။
နံပါတ် (၂) မူဝါဒမှာ နိုင်ငံရေး မူဘောင်များတွင် ပါဝင်ဆွေးနွေးကြမည့် CSO (Civil Society Organization) များအတွက် စည်းမျဉ်း စည်းကမ်းဆိုင်ရာ မူဝါဒ ဖြစ်ပြီး နံပါတ် (၃) မူဝါဒမှာ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရခဲ့သည့် နိုင်ငံရေး ပါတီများအတွက် ဖြစ်သည်။
ထိုသို့အမတ် တစ်နေရာစာမျှ အနိုင် မရသည့် ပါတီပေါင်း ၇၀ ရှိပြီး ၎င်းတို့အား CSO forum သို့ ပါဝင်ခွင့် ပြုခဲ့လျှင်လည်း သဘော သဘာဝချင်း မတူသည့်အတွက် အဖွဲ့အစည်းအချို့က လက်မခံကြခြင်းများ ရှိကြောင်း၊ နိုင်ငံရေး ပါတီတချို့ကလည်း CSO များကို စည်းရုံးနေခြင်းများ လည်း ရှိကြောင်း၊ ထိုအခြေအနေများကြောင့် အဆိုပါ နိုင်ငံရေး ပါတီများ ပါဝင်ခွင့်အတွက် အဆင်ပြေအောင် မည်သို့ဖြေလျှော့ပေးမည်နည်း ဟူသည့် မူဝါဒ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြသည်။ သို့ရာတွင် အဆိုပါ မူဝါဒ သုံးခုတို့ နှင့် ပတ်သက်ပြီး လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးကြရဦးမည် ဖြစ်၍ အသေးစိတ် ပြောကြားခြင်း မရှိပေ။
နောက်ဆုံး မူဝါဒ နံပါတ် (၄) ကိုမူ ဦးဇော်ဌေးက “NCA အရ ငြိမ်းချမ်းရေး ညီလာခံ မစတင်ခင်မှာ ဒေသကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ၊ မြို့ကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ အကြောင်းအရာကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိတယ်။ ဒီဆွေးနွေးပွဲတွေ အတွက် ဘယ်လိုစီစဉ်မလဲ။ အဓိကက ဆွေးနွေးပွဲတွေ အတွက် လိုမယ့် ငွေတွေ။ နိုင်ငံတကာ ကူညီ ထောက်ပံ့မှု Fund တွေနဲ့ပတ်သက်လို့ အခု အသစ်ဖွဲ့စည်းမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဒီ fund တွေကို ကိုင်တွယ်သွားမယ် လို့မူဝါဒ ချပေးသွားတယ်” ဟု ရှင်းပြခဲ့သည်။
NRPC ဖွဲ့စည်းခြင်းကို မကြာခင် သမ္မတက လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ပြောကြောင်းနှင့် NRPC ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည် ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ဖြည့်စွက် ပြောခဲ့သည်။
NRPC အဖွဲ့ဝင်များနှင့် ပတ်သက်ပြီး ၎င်းက “ကျန်တာတွေက တပ်မတော်ပိုင်း၊ အစိုးရပိုင်း၊ လွှတ်တော်ပိုင်း ပါမယ်။ NRPC ရဲ့ သဘောက ငြိမ်းချမ်းရေး တစ်ခုတည်းတင် မဟုတ်ဘူး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကျန်တဲ့ ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ချက်– ဥပမာ ရခိုင်ကိစ္စလိုမျိုးကို ဒီဗဟိုဌာနက ကိုင်တွယ်သွားမယ်။ ဟိုဘက်မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူမယ့်ဟာလည်း NRPC အောက်မှာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ပါမယ်”ဟု ပြောသည်။
သြဂုတ်လ နောက်ဆုံးထားပြီး ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံသည် အောင်မြင်နိုင်သည်ဟု အပြုသဘောဖြင့် မျှော်လင့်နိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင်တွေ မကြာခင်မှာ ရန်ကုန်မှာ တွေ့မယ်၊ နောက် ကျွန်တော်တို့ မိုင်းလားကို သွားမယ်။ ကျန်တဲ့အဖွဲ့သုံးဖွဲ့နဲ့တွေ့မယ်။ ဒါနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ မူဝါဒကို ဒီနေ့ရတယ်။ ရတဲ့ အတွက် မူဝါဒတစ်ခု ချခဲ့နိုင်တယ်။ ချတာကိုလည်း ဦးသိန်းဇော်တို့အဖွဲ့က “ဝ” အဖွဲ့နဲ့ဆွေးနွေးမယ်။ အားလုံး ပါဝင်နိုင်အောင် ကျွန်တော်တို့မျှော်မှန်းပြီး လုပ်နေတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။
ဘယ်သူမှ ဒီလမ်းကြောင်းပေါ် ရောက်အောင် မလုပ်နိုင်ခဲ့ဘူး။ လွတ်လပ်ရေး ရဖို့ ဗိုလ်ချုပ်အောင်ဆန်း က ပင်လုံ ညီလာခံကို လုပ်ခဲ့တယ်။ တိုင်းပြည်က ပြည်တွင်းစစ်တွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ကြိုးစားတယ်။ ကြိုးစားတဲ့သူ ကိုယ်တိုင်က ပထမ ပင်လုံကို လုပ်ခဲ့သူရဲ့သမီး ဖြစ်နေတယ်။ သူ့ကိုလည်း လူထုက ထောက်ခံတယ်။
တိုင်းရင်းသားတွေကလည်း ထောက်ခံတယ်။ ဒီအခြေအနေ အချိန်အခါနဲ့အခွင့် အလမ်းက ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံး။ အထူးသဖြင့် ကျွန်တော်တို့ နဲ့ငြိမ်းချမ်းရေး မရသေးတဲ့ တိုင်းရင်းသားတွေ အတွက်လည်း အကောင်းဆုံး ဖြစ်နေတဲ့ အတွက် ၂၁ ရာစု ပင်လုံ ညီလာခံက အောင်မြင်နိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခု ပင်လုံ ညီလာခံသည် ခွဲထွက်ခွင့် မပါသည့် ပင်လုံ စိတ်ဓာတ်ကို အခြေခံပြီး ဒီမိုကရေစီရေး တန်းတူရေး တိုင်းရင်းသား အခွင့်အရေး ညီမျှသည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တိုင်းရင်းသား ခေါင်းဆောင်များကို ပြောခဲ့ပြီးဖြစ်ရာ အထူးသဖြင့် ထိုအခွင့်အလမ်းက ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှားရှိနေသည့် အချိန်မှာသာ ရနိုင်သောကြောင့် တိုင်းရင်းသား ခေါင်းဆောင်များကထိုအခွင့်အလမ်းကို အလေးထားပြီး စဉ်းစားပေးဖို့ လိုကြောင်း၊ မီဒီယာများကလည်း တွန်းအားပေးဖို့လိုကြောင်းလည်း ဦးဇော်ဌေးက တိုက်တွန်း ပြောကြားခဲ့သည်။
နေပြည်တော်၊ Horizon Lake View Hotel တွင် ဇူလိုင်လ ၃ ရက်မှ စတင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ စည်းအဝေးကို ဇူလိုင်လ ၆ ရက်တွင် နောက်ဆုံးနေ့အဖြစ် ဆက်လက် ကျင်းပမည် ဖြစ်သည်။ (Xinhua)