Connect with us

Politics, Law & Military

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ သိက္ခာရှိရှိ ပြန်လာနိုင်ရန် ဆောင်ရွက်မည်

ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး မဟာဗျူဟာမြောက် လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဒုက္ခသည်များအား နေရပ်သို့ ပြန်လာနိုင်ရေးနှင့် ပြန်လည် ပေါင်းစည်းရေးကို လုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရန် ဆောင်ရွက်မည်ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ယနေ့နံနက်မှ ညနေ အထိ ပြုလုပ်သည့် “ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး မဟာဗျူဟာမြောက် လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ်ပြန်လာရေးနဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေး လုပ်ငန်းစဉ်များ ရေးဆွဲခြင်းဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရ အနေနဲ့သူတို့ကို လုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာရှိရှိ နဲ့ရေရှည် နေရပ် ပြန်ခြင်းမျိုး ဖြစ်အောင် ဆောင်ရွက်ပေးရပါမယ်” ဟု ထိုအလုပ်ရုံ ဆွေးနွေးပွဲ၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး မဟာဗျူဟာမြောက် လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာ – ထိုင်း နယ်စပ် တစ်လျှောက် ယာယီ စခန်း ကိုးခုတို့တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ဒုက္ခသည် (၁၀၅,၀၀၀) ခန့်အနက် အချို့မှာ နေရပ်သို့ပြန်ရန် စီစဉ်နေကြသည်ကို သိရကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းပြီး ကရင်၊ မွန်၊ ကယား၊ ရှမ်း၊ ချင်းပြည်နယ်များနှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးများတွင် ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အသက်မွေး ဆိုင်ရာ လုပ်ငန်းများအား အမေရိကန်ဒေါ်လာ ၉.၀၅ သန်းဖြင့် ၂၀၁၃ မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး မဟာဗျူဟာမြောက် လုပ်ငန်း စီမံကိန်းအား ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် နားလည်မှု စာချွန်လွှာ ထပ်မံ လက်မှတ်ရေးထိုးပြီး ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ မြန်မာနိုင်ငံသား ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာဖြင့် နေရပ် ပြန်လာနိုင်ရေး အတွက် ယခု အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းရေး ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ဒေသဖြစ်သည့် ကရင်၊ ကယား၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး စသည့် အရှေ့ပိုင်းဒေသများမှ လူထောင်ပေါင်းများစွာတို့သည် နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပသို့ နေရပ် စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြကြောင်း၊ မကြာသေးမီ နှစ်များက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးမှုများနှင့် ၂၀၁၅ အောက်တိုဘာတွင် NCA လက်မှတ် ရေးထိုးမှုများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများ လက်မှတ် ရေးထိုးခဲ့ကြခြင်း၊ ၂၀၁၆ ဧပြီလတွင် အစိုးရအသစ် တက်လာပြီး အဖွဲ့အစည်းဆိုင်ရာ မူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲလာခြင်း စသည့် အကြောင်းရင်းများကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များ နေရပ် ပြန်လာရေး၊ ပြန်လည် ပေါင်းစည်းရေး အတွက် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေသည်ဟု UNHCR ၏ “မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် နေရပ် ပြန်လာ၍ ပြန်လည် အခြေချ ပေါင်းစည်းရေး လုပ်ငန်းစဉ်” စာတမ်း၌ ဖော်ပြထားသည်။
ရွှေ့ပြောင်း နေထိုင်သူများ ပြန်လာမည့် ဒေသများတွင် ရှိနေသည့် KNU (Karen National Union), DKBA (Democratic Karen Benevolent Army), KPC (Karen National Liberation Army – Peace Council) စသည့် NCA တွင် လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသား ဒုက္ခသည်များအား နေရပ်တွင် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်တွင် ပူးပေါင်း ဆေင်ရွက်သင့်သည် ဟုလည်း UNHCR ၏ စာတမ်း၌ တိုက်တွန်းထားသည်။
ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်ကလည်း ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများရှိ မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ယူပေးပါရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်အား မေတ္တာရပ်ခံ ပြောကြားခဲ့ပြီး သမ္မတ ဦးထင်ကျော်ကလည်း ပြန်ခေါ်ပါမည်ဟု ဖြေကြားခဲ့သည်။
၂၀၁၆ မေလ စာရင်းများအရ ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်း ကိုးခုတို့တွင် ရောက်ရှိနေသည့် ဒုက္ခသည် တစ်သိန်း ငါးထောင် (၁၀၅,၀၀၀)အနက် သုံးပုံနှစ်ပုံမှာ ကရင်ပြည်နယ်မှ ဖြစ်သည်။
ယနေ့ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသို့နယ်စပ်ရေးရာဝန်ကြီးဌန ပြည်ထောင်စုဝန်ကြီး၊ မွန်၊ ကရင်၊ ကယားပြည်နယ်များ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ UNHCR (မြန်မာ) နှင့် UNHCR (ထိုင်း) တို့မှ ဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် WFP, UNICEF, IOM တို့မှ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.