Connect with us

Science & Technology

ဆက်သွယ်ရေးအခြေခံအဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် လိုင်စင်ရကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းခြင်းအစည်းအဝေးကျင်းပ

ဆက်သွယ်ရေးအခြေခံအဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် လိုင်စင်ရကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးအခြေခံအဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် လိုင်စင်ရကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းခြင်းအစည်းအဝေးအားကျင်းပခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

Open Access ပုံစံဖြင့် ရန်ကုန်မြို့အတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦဖြစ်သည့် Tower တိုင်များ၊ Pole တိုင်များ၊ Fiber Cable များ စနစ်တကျ တည်ဆောက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအား စိတ်ပါဝင်စားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကုမ္ပဏီများ နှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေး သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုအား စိတ်ပါဝင်စားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီများအနေဖြင့် မိမိတို့ လုပ်ကိုင်ဆောင်ရွက်လိုသည့်ပုံစံ ( တစ်ဦးတစ်ဖွဲ့ချင်း (သို့) အဖွဲ့လိုက် ) ပူးပေါင်းတည်ဆောက်ခြင်း၊ တည်ဆောက်မည့်ပုံစံများ (Technical Plan) ၊ ရင်းနှီးမြှုပ်နှံလိုသည့်ပုံစံ (Business Plan)၊ တည်ဆောက်ပြီးစီးပါက ငှားရမ်းဆောင်ရွက်မည့် အစီအစဉ် (Term & Condition for Leasing Agreement ) စသည့် အချက်တို့အား ကုမ္ပဏီများအချင်းချင်း ဦးစွာဆွေးနွေးတိုင်ပင်၍ လုပ်ကိုင် ဆောင်ရွက်လိုသည့်ပုံစံ (Proposal) များအားဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာသို့ ဆောလျင်စွာတင်ပြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသည့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး၍ အခြေခံအဆောက်အဦများ စနစ်တကျချခင်းတည်ဆောက် နိုင်ရေးကိစ္စအား ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အခြေခံအဆောက်အဦများ ချခင်းတည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.