Connect with us

Science & Technology

ဆီပန့်အငယ်များဖြင့် စက်သုံးဆီ ရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက် စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်း မရှိကြောင်း သတင်းထုတ်ပြန်

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြုထားသည့် စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဆီပန့်အငယ်များဖြင့် စက်သုံးဆီ ရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ အတွက် စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် ထုတ်ပေးနိုင်ခြင်း မရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

နိုင်ငံတော်၏ စီးပွားရေးတွင် ပုဂ္ဂလိက ပါဝင်မှု အားပေးမြှင့်တင်ရန်နှင့် ပုဂ္ဂလိက စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ဈေးကွက်စီးပွားရေး စနစ်နှင့် အညီ လွတ်လပ်စွာ လုပ်ကိုင် ခွင့်ပြုခဲ့ပြီး ပြည်သူလူထု အနေဖြင့် စက်သုံးဆီများကို တစ်ပြည်လုံး နေရာအနှံ့အပြားတွင် ဝယ်ယူသုံးစွဲနိုင်ရေး အတွက် စက်သုံးဆီ အရောင်းဆိုင် မရှိသေးသည့်မြို့၊ မြို့သစ်များ၊ လမ်းဆုံလမ်းခွနှင့်လမ်းမကြီးများ၊ Toll Gate နေရာများ စသည်တို့တွင် စက်သုံးဆီ အရောင်းဆိုင်များ အသစ်ထပ်မံ တည်ဆောက်ဖွင့်လှစ်ပေးရန် လိုအပ်သဖြင့် လည်းကောင်း၊ တရားမဝင် စက်သုံးဆီ သယ်ယူ ပို့ဆောင် သိုလှောင်ရောင်းချမှုများနှင့် တရားမဝင် လမ်းဘေး စက်သုံးဆီဆိုင်များ လျော့နည်း ပပျောက်စေရန် အတွက်လည်းကောင်း၊ ခေတ်မီ စက်သုံးဆီ အရောင်းဆိုင်များ ပေါ်ထွန်းလာစေရေး အတွက် သတ်မှတ်ချက်များနှင့် အညီ စိစစ်၍ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များ ထုတ်ပေးပြီး လုပ်ငန်း လုပ်ကိုင်စေလျက် ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ခေတ်မီ သန့်ရှင်းသပ်ရပ်သော စက်သုံးဆီ အရောင်းဆိုင်များ ပေါ်ထွန်းစေရေး အတွက် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ Petroleum Product Handling Process များကို လိုက်နာကျင့် သုံးနိုင်သည့် အရည်အသွေး ပြည့်ဝပြီး စံချိန် စံညွှန်း ကိုက်ညီမှန်ကန်မှုရှိသည့် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချနိုင်သည့် အရောင်းဆိုင်များအား စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များ ခွင့်ပြုထုတ်ပေးလျက် ရှိပါကြောင်းနှင့် ဆီပန့်ငယ်များဖြင့် စက်သုံးဆီ ရောင်းချနေသည့် တရားမဝင် အရောင်းဆိုင် အသေးစားလုပ်ငန်းများ အနေဖြင့် အထက်ပါ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှု မရှိခြင်း၊ မီးဘေးအန္တရာယ် အထူးပင် စိုးရိမ်ရခြင်း တို့ကြောင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ခွင့်ပြု ထုတ်ပေးနိုင်မှု မရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.