Connect with us

Science & Technology

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားအား လေးနှစ်ကျော် အတွင်း အပြီး တည်ဆောက်သွားမည်

မြန်မာ-ကိုရီးယားချစ် ကြည်းရေး(ဒလ) တံတား ပုံစံငယ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားအား လေးနှစ်ကျော် အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား တည်ဆောက်ရေး စီမံကိန်းမှ သိရသည်။

ယခု အကောင်အထည်ဖော် တည်ဆောက်မည့် ရန်ကုန်-ဒလ တံတား စီမံကိန်းအား ယခင်က လျာထားချက် ငါးနှစ်ဖြစ် သော်လည်း ယခုအခါ လေးနှစ်ကျော် ကာလအတွင်း စောစီးစွာ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား တည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ တံတားသည် ကြိုးဆိုင်း တံတား ဖြစ်ပြီး စုစုပေါင်း တံတားအရှည် ၆,၁၄၄ ပေ၊ ပင်မ တံတား အရှည် ၁,၉၃၆ ပေ၊ ချဉ်းကပ် တံတား (ရန်ကုန်ဘက်ခြမ်း) ၂,၀၁၆ ပေ၊ ဒလ ဘက်ခြမ်း ၂,၁၈၂ ပေ၊ ချဉ်းကပ်တံတား အကျယ် (ရန်ကုန် ဘက်ခြမ်း) ၄၇ ပေ၊ ဒလ ဘက်ခြမ်း ၆၈ ပေ၊ ရေလမ်း ကင်းလွတ် အမြင့်ပေ ၁၆၀ ၊ ရေလမ်း ကင်းလွတ် အကျယ် ၈၂၃ ပေ ရှိပြီး ပင်မတံတား အကျယ်မှာ လေးလမ်းသွား ၈၇ ပေ ကျယ်ဝန်း၍ Dead weight tonnage (DWT) တန်ချိန် ၁၅,၀၀၀ ပင်လယ်ကူး သင်္ဘောကြီးများ ဖြတ်သန်း သွားလာနိုင်မည် ဖြစ်သည်။ ထို့အပြင် စုစုပေါင်း တံတား ခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင် ၇၅ တန်အထိ ဖြတ်သန်း သွားလာနိုင်ပြီး တစ်လမ်းသွား ဆင်ခြေလျှော တံတားများ အကျယ်မှာ ၂၃ ပေ ရှိမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဘက်ခြမ်း ဆောက်လုပ်စ အဆောက်အအုံများနှင့် ဆောက်ပြီး အဆောက်အအုံများ ထိခိုက်မှု နည်းစေရန် အတွက် ရန်ကုန်ဘက်ခြမ်း (ဘုန်းကြီးလမ်း) နှင့် ဒလဘက်ခြမ်း ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင် လမ်းတို့ ကို တံတား အူကြောင်းအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)