Connect with us

Social

ဖမ်းဆီးရမိထားသော ကြံ့သူတော်(အမ)၏ ပုပ်နေသည့် ရှေ့လက်ဆစ်တစ်ခုကို ဖြတ်တောက်၍ဆေးဝါးကုသပေးလျက်ရှိ

ဖမ်းဆီးရမိသည့်ကြံ့သူတော်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မောတောင်မြို့ အမှတ်(၉)ကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာ၏ အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာရှိ ဒေသအခေါ် ရုပ်သေချောင်းတွင် ဖမ်းဆီးရမိခဲ့သည့်ကြံ့သူတော်(အမ) တစ်ကောင်၏ ဒဏ်ရာကြောင့် ပုပ်နေသော ၎င်း၏ ရှေ့လက်ဆစ်တစ်ခုအား ဒီဇင်ဘာ ၁ ရက်က ဖြတ်တောက်၍ ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သီဟဇော် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂ရက်တွင်ပြောကြားသည်။

“မနေ့က တိမွေးကုဦးစီးဌာနက တာဝန်ရှိသူတွေရယ် ကျွန်တော်တို့ သစ်တောဦးစီးဌာနက လူတွေသွားကြည့်ကြတယ်။ရှေ့လက်အဆစ်လေးကပုပ်သွားလို့ဖြတ်ပစ်ရတယ်။ ပိုးမဝင်အောင် သေချာဆေးကြောပြီး အနာကျက် ဆေးထိုးပေးခဲ့တယ်။လက်ရှိ တောထဲက ခြံထဲမှာပဲရှိသေးတယ်။ တစ်ပတ်လောက်နေရင်တနင်္သာရီသစ်တောကိုသယ်မယ်’’ ဟု၎င်းက ဆိုသည်။
အဆိုပါကြံ့သူတော်သည် တောနက်ကြီးထဲတွင်နေထိုင်ကျက်စားသော ရှားပါးကြံ့မျိုးနွယ် ဖြစ်ပြီး အရောင်မှာ အဖြူနှင့် အနက် နှစ်ရောင်စပ်ဖြစ်သည်။၎င်းကြံ့သူတော်(အမ) သည် အလျား(၆)ပေ(၆)လက်မ၊ လုံးပတ်(၆)ပေ၊ အမြင့်(၃)ပေ(၇)လက်မ အရွယ်အစားရှိကြောင်း နှင့် ညွှတ်ကိုင်းမိပြီး ညာဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိထား၍ လမ်းမလျှောက်နိုင်ကြောင်း သိရသည်။

“ဆေးကုပြီးပျောက်တဲ့အချိန်မှ တိရစ္ဆာန်ဥယျာဉ်ကိုပို့ရမလား၊ တောထဲကိုလွှတ်ရမလားဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီတင်ပြပြီးဆေးကုပြီးပျောက်တဲ့အချိန်ကျမှသိရမှာဖြစ်တယ်။ ကျွန်တော်တို့ဌာနအနေနဲ့ နိုဝင်ဘာ၂၈ ရက်နေ့မှာ သတင်းရတယ်။ နိုဝင်ဘာ၂၉ ရက်နေ့မှာ လိုအပ်တာတွေလုပ်ပေးဖို့ သွားကြည့်တယ်။ နိုဝင်ဘာ ၃၀ ရက်မှ ဒဏ်ရာဆေးစည်းတာတွေလုပ်တယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာလက်ဆစ်ကလေး တစ်ခုကို ဖြတ်လိုက်တယ်။ ပြီးတော့ဆေးစည်းတာတွေလုပ်ထားတယ်။ တိမွေးကု ၁ ရက် ၂ကြိမ် ဆေးထိုး၊ အနာဆေးတွေလုပ်ပေးနေပါတယ်။’’ ဦးအောင်သီဟဇော် ကဆက်ပြောသည်။

ဥယျာဉ်ခြံသမားတစ်ယောက်သည် ကြံ့သူတော်အား ခြေထောက်တွင်ကြိုးတန်းလန်းဖြင့် သစ်ပင်ခြုံနွယ်၌ ငြိနေသည်ကို တွေ့ရှိသဖြင့် ၎င်း၏ခြံသို့ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါကြံ့သူတော်အား တနင်္သာရီတိုင်းဒေသကြီးရှိ မိုးသစ်တောများ၌သာ တွေ့ရလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.