Connect with us

Social

၂၀၂၀ပြည့်နှစ် အတွက် ၁၁ ကြိမ်မြောက်အထူးတံဆိပ်ခေါင်းအဖြစ် ပန်းတမော့နှင့် ပန်းပွတ် အထူးတံဆိပ်ခေါင်း (၂)မျိုးအား နိုဝင်ဘာ ၃၀ ရက်တွင်ရောင်းချမည်

ပန်းတမော့ အထူးထုတ် တံဆိပ်ခေါင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့စာတိုက်လုပ်ငန်း)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ်အတွက် ၁၁ ကြိမ်မြောက်အထူးတံဆိပ်ခေါင်းအဖြစ် သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတမော့နှင့် ပန်းပွတ် အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်( ၂၀၀ ကျပ်တန်) (၂)မျိုး အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀)ရက်၊ နံနက် (၀၉:၃၀)နာရီမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ဗဟိုစာတိုက်ကြီးမှ တာဝန်ခံအရာရှိ ဒေါ်မြတ်ဇာနည်ကျော် က ဆင်ဟွာသို့ နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။

“၂၀၂၀ပြည့်နှစ်မှ ပန်းဆယ်မျိုးကို အထူးတံဆိပ်ခေါင်းအနေနဲ့ ထုတ်ဖြစ်တာပါ။ ရည်ရွယ်ချက်က မြန်မာ့ယဉ်ကျေးမှုသုခုမအနုပညာကို မျိုးဆက်သစ်လူငယ်တွေကြားမှာ ပိုမိုသိရှိအလေးထားစေဖို့ရည်ရွယ်ပြီး ထုတ်ဖြစ်တာပါ။ပန်းဆယ်မျိုးအပြင် တခြားအထူးထုတ်တံဆိပ်ခေါင်းတွေကိုလည်း ထုတ်လုပ်ရောင်းချခဲ့တာရှိပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀) ရက် (တနင်္လာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ်ထုတ်ဝေသော ရုပ်လုံးကြွ ဒီဇိုင်းကဒ်တို့အား တစ်ပါတည်းရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

“COVID-19 ကာလဖြစ်လို့ မလာနိုင်ရင်လည်း ဖုန်းနဲ့ ဆက်ပြီးမှာကြားလို့ရတယ်။ အမြန်ငွေပို့လွှာတို့၊ အိုကေဒေါ်လာတို့ နဲ့ လွှဲလို့ရပါတယ်။ တံဆိပ်ခေါင်းဝါသနာရှင်များအနေနဲ့ တံဆိပ်ခေါင်းဝယ်ယူစုဆောင်းမှု က ပုံမှန်ရှိပါတယ်’’ ဟု ဒေါ်မြတ်ဇာနည်ကျော်ကဆက်ပြောသည်။

တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117