Connect with us

Social

သန်းခေါင်စာရင်း အချက်အလက်များကို အကောင်းဆုံး အကျိုးရှိစွာ အသုံးချရန် ဒုသမ္မတ(၁) ပြော

သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနား၌ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအား နေ့စဉ် ဆောင်ရွက်နေသည့် လုပ်ငန်းများ တွင် အကောင်းဆုံး အကျိုးရှိစွာ အသုံးချကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက ယနေ့ ပြောကြားခဲ့သည်။

“၂၀၁၄ သန်းခေါင်စာရင်းကြီးဟာ နိုင်ငံတော် အတွက်ရော နိုင်ငံတကာ အဖွဲ့အစည်းများ အတွက်ပါ တန်ဖိုး ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်တွေအတွက် အဖွဲ့အစည်းများရဲ့ စွမ်းဆောင်ရည် တစ်ဦးချင်း စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို သန်းခေါင်စာရင်းပါ အချက်အလက်တွေက ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်၊ အခုအချိန်မှာ အချိန်နဲ့ တစ်ပြေးညီ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ရရှိနေပြီမို့ နေ့စဉ် ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ ရရှိပြီးသား အချက်အလက်တွေကို အကောင်းဆုံး အကျိုးရှိစွာ အသုံးချကြဖို့ မှာကြားလိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်သည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင် ပြီး မြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် ၎င်းက ပြောခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Mr. Knut Ostby အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တေးဂီတဖြင့် ဖျော်ဖြေစဉ် (ဆင်ဟွာ)

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင် ပြီး မြောက်ခြင်း အထိမ်းအမှတ်အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

“ကျွန်တော်တို့နိုင်ငံရဲ့ စီမံကိန်း လုပ်ငန်းတွေမှာ ခန့်မှန်း လူဦးရေစာရင်းတွေကို သုံးခဲ့ရတာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပါပြီ၊ ခန့်မှန်းတာ နှစ်ကာလ ကြာရှည်လာတာနဲ့ အမျှ စာရင်းတွေရဲ့ တိကျမှန်ကန်မှု တွေ လျော့ကျလာမှာ ဖြစ်ပါတယ်၊ ဒီလိုမှားယွင်းမှုတွေကို ၂၀၁၄ သန်းခေါင်စာရင်းက တည့်မတ်နိုင် ခဲ့ပါပြီ” ဟုလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ရန် စိန်ခေါ်မှုများ အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီး အချိန်နှင့် ငွေကြေးများ ရင်းနှီးစိုက်ထုတ်ခဲ့ရကာ အဆင့်တိုင်းတွင် အစိုးရ ဌာနပေါင်းများစွာတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ရကြောင်း၊၊ ဆရာ ဆရာမ ပေါင်း တစ်သိန်းနှစ်သောင်းကျော် ပါဝင် ဆောင်ရွက်ခဲ့ရပြီး ကျွမ်းကျင် ပညာရှင် တစ်ရာနီးပါးလည်း ပါဝင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်သည် အခြား အရေးကြီးသည့် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပွင့်လင်း မြင်သာမှုကို ဖော်ပြရာတွင်လည်း အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ သန်းခေါင် စာရင်းက ရလာသည့် အတွေ့အကြုံများသည် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အကူပြုခဲ့ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား မျိုးနွယ်စု ငယ်များ၏ အသံကို နားထောင်ပြီး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြောင်းလည်း ဒုတိယသမ္မတက ပြောခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံပြီး ပြည်ထောင်စု အဆင့် အစီရင်ခံစာများ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့် အစီရင်ခံစာ ၁၅ စောင်၊ အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသန စာတမ်း ၁၃ စောင်၊ သန်းခေါင်စာရင်း ရလဒ်မြေပုံ အစီရင်ခံစာ၊ မြို့နယ် မြို့နယ်ခွဲ အစီရင်ခံစာပေါင်း ၄၀၀ ကျော်တို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး အစီရင်ခံစာ အားလုံးကို အွန်လိုင်းမှ ရရှိနိုင်အောင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.