Connect with us

Sport

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာ ဘောလုံး အကောင်းဆုံး ဆုချီးမြှင့်မည်

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှားယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစား နေကြစဉ် (ဓာတ်ပုံ- MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တစ်နှစ်တာ ဘောလုံး အကောင်းဆုံးဘောလုံး ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ပူးပေါင်းကျင်းပမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြထားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများအားလည်းကောင်း၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့သည့် လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများအားလည်းကောင်း၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကျင်းပသည့် MNL နှင့် MNL-2 လိဂ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ၂၀၁၉ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးကစားသမား အမျိုးသားဆုနှင့် အမျိုးသမီးဆု၊ လူငယ်အကောင်းဆုံးကစားသမား အမျိုးသားဆုနှင့် အမျိုးသမီးဆု၊ နည်းပြဆု တို့အပြင် အကောင်းဆုံးဒိုင်လူကြီးဆုများအား အသီးသီးရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ၂၀၁၉ ရာသီ ပြည်တွင်းပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် MFF Youth အသင်း၊ MNL ယူ-၁၉ အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ချင်းယူနိုက်တက်အသင်း၊ ယူ-၂၀ အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်း နှင့် ယူ-၁၈ အမှတ်ပေးပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်းတို့ အသီးသီးဗိုလ်စွဲခဲ့ကြောင်းသိရသည်။

၂၀၁၈ ခုနှစ် ရာသီအတွက် ချီးမြှင့်သည့် အကောင်းဆုံးဆုများ အနက် အကောင်းဆုံးကစားသမား အမျိုးသားဆုကို မောင်မောင်လွင် (ရန်ကုန်)၊ အမျိုးသမီးဆုကို ခင်မာလာထွန်း (အား/ကာ သိပ္ပံ)၊ အကောင်းဆုံးလူငယ်ကစားသမား အမျိုးသားဆုကို လွင်မိုး အောင် (အား/ကာသိပ္ပံ/ဧရာဝတီ)၊ အမျိုးသမီးဆုကို မြတ်နိုးခင် (YREO)၊ အကောင်းဆုံးနည်းပြဆုကို ဦးမျိုးမင်းထွန်း (ရန်ကုန်) တို့က ဆုရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၁၉ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲအား ရာသီသစ်မစတင်မီ ယခုနှစ်မကုန်မီ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.