Connect with us

Sport

ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားသမား ၈၆ ဦးကို တရုတ်နိုင်ငံသို့ စေလွှတ်လေ့ကျင့်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံမှ အားကစားသမား ၈၆ ဦးကို တရုတ်နိုင်ငံသို့ ယခုလအတွင်း စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က “မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၄ နည်းကို တရုတ်နိုင်ငံမှာ လေ့ကျင့်ဖို့ စေလွှတ်မှာပါ။ ကျွန်တော်တို့က ဆီးဂိမ်းပြိုင်ပွဲကို မေလ မှာ ပြိုင်ပွဲ ဝင်ရမယ်ဆိုတော့ မေလဆန်းလောက်တော့ မြန်မာနိုင်ငံကထွက်ရမှာပါ။ အားကစားသမားတွေကို တရုတ်နိုင်ငံမှာ ၃ လ လေ့ကျင့်ဖို့လျာထားပါတယ်။ ၃၀ ကြိမ်မြောက်ဆီးဂိမ်းနဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းမှာလည်း ကျွန်တော်တို့က အားကစားနည်း ၇ နည်း ၈ နည်း ကို လေ့ကျင့်ဖို့အတွက် တရုတ်နိုင်ငံကို စေလွှတ်နေကျပါ။ အခုလည်းနှစ်နိုင်ငံ အစိုးရအဖွဲ့ချင်း ညှိနှိုင်းသဘောတူညီချက်အရ ပူးတွဲလေ့ကျင့်ရေးကို စေလွှတ်ခြင်းဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ နိုဝင်ဘာ ၁၅ ရက်တွင်ပြောသည်။

အားကစားနည်း ၄ နည်းတွင် အားကစားသမားနှင့် နည်းပြ စုစုပေါင်း ၁၀၁ ဦးပါဝင်မည်ဖြစ်ပြီး ပြေးခုန်ပစ်အားကစားနည်းမှ ၂၅ ဦး၊ လက်ဝှေ့အားကစားနည်းမှ ၂၁ ဦး၊ ဘော်လီဘောအားကစားနည်းမှ ၃၈ ဦး၊ ဝူရှူး အားကစားနည်းမှ ၁၇ ဦး တို့အား တရုတ်နိုင်ငံသို့ လေ့ကျင့်ရန် စေလွှတ်ဖို့လျာထားကြောင်း ၎င်းကဆိုသည်။

“အခုလိုစေလွှတ်မှုက တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပူးတွဲလေ့ကျင့်မှုဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို အားကစားသမားတွေ စေလွှတ်ပြီး လေ့ကျင့်တာက နိုင်ငံတိုင်း လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ ပူးတွဲလေ့ကျင့်ခြင်းအားဖြင့် နည်းပညာပိုင်းအပါအဝင် ပြိုင်ဘက်ကောင်းနှင့် လေ့ကျင့်ရသောကြောင့် အားကစားသမားများအနေဖြင့် ပိုမိုတိုးတက်မှုများ ရရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ဦးဌေးအောင်က “တရုတ်နိုင်ငံကို အားကစားသမားတွေ စေလွှတ်ခြင်းအားဖြင့် ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လေ့ကျင့်ဖို့အတွက် အားကစားသမားတွေ များများ စေလွှတ်နိုင်ရင် ကျွန်တော်တို့ နိုင်ငံအတွက် ပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်”ဟု ပြောသည်။ ၃၂ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)