Connect with us

Economy

COVID-19 ကြောင့် ခေတ္တရပ်နားထားရသည့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်းဆို

နွားမွေးမြူရေးခြံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကြောင့် ခေတ္တရပ်နားထားရသည့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

“ကျွဲ၊ နွားတွေကို ၂၀၁၇ ခုနှစ်ကတည်းက ကျန်းမာရေးထောက်ခံချက်တွေနဲ့အညီ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခဲ့တာပါ။ COVID-19 ကြောင့် ခဏပြန်ရပ်သွားခဲ့တာ။ အခုတော့ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပြီး ပြန်လည်တင်ပို့ရတော့မှာဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

လိုအပ်သော Quarantine ဇုံ၊ ရောဂါကင်းရှင်းဇုံတို့အား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

“မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန အနေနဲ့ တိရစ္ဆာန်တွေရဲ့ သန်းခေါင်စာရင်းတွေကောက်မယ်။ တိရစ္ဆာန်စာရင်းကောက်တာတို့ ၊ ရောဂါကင်းရှင်းကြောင်းကာကွယ်ဆေးထိုးပေးတာတို့ အပါအဝင်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်မှာပါ။ တိရစ္ဆာန်ထားဖို့ နေရာတို့ ဘာတို့လည်း လုပ်ရမယ်။ ဒါတွေပြီးရင်တော့တရားဝင်တင်ပို့နိုင်မှာပါ။ လုပ်ငန်းရှင်တွေကလည်း တကယ့် နွားမွေးခြံတွေနဲ့ မွေးပြီးပို့ရင်တော့ ပိုပြီး တွက်ခြေကိုက်မယ်လို့ထင်ပါတယ်’’ ဟု ဦးမင်းမင်းက ဆက်ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော် က “ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ ဝင်နိုင်ငံတွေအနေနဲ့ တိရစ္ဆာန်တင်သွင်း၊ တင်ပို့တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးထောက်ခံချက်ပေးရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရင်က အခြားနိုင်ငံသို့ ရေကြောင်းကနေ ကျွဲနွားတိရစ္ဆာန် တင်ပို့တာတွေရှိခဲ့ပါတယ်။ အဲဒါက ရေကြောင်းကပို့တာပါ။ အခုတရုတ်နိုင်ငံကို ပို့တာကတော့ နယ်စပ်ကုန်သွယ်ရေးကနေ တင်ပို့တာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ တိရစ္ဆာန်များတရားဝင်တင်ပို့သည့်အခါ ကျန်းမာကြောင်း ထောက်ခံချက်ပေးလျက်ရှိကြောင်း သိရသည်။ တိရစ္ဆာန် အရှင်တင်ပို့သည့်အခါတွင် ရေကြောင်းခရီး၊ ကုန်းလမ်းခရီး နှစ်မျိုးဖြင့် တင်ပို့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား အရှင်တင်ပို့ခြင်းသည် ယခင်က ကုန်သည်အချင်းချင်း တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတင်ပို့မှုသည် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှုအရ တင်ပို့ခြင်းဖြစ်ကြောင်း ဒေါက်တာမင်းသိန်းမော်ကဆိုသည်။ (Xinhua)