Connect with us

Economy

မြန်မာ့ဖရဲသီးများ ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ယူလျက်ရှိ

ရန်ကုန်မြို့ရှိ ဖရဲသီးများတင်ထားသည့် ကုန်တင်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့ဖရဲသီးများ ကို တရုတ်နိုင်ငံမှဈေးကောင်းပေးဝယ်ယူလျက်ရှိသောကြောင့် အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရရှိနေကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်းဒုတိယဥက္ကဋ္ဌဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင်ပြောသည်။

ဦးမင်းသိန်းက “နွေဦးရာသီစရောက်လာပြီဆိုတော့ တရုတ်နိုင်ငံက ဖရဲသီးတွေ နဲ့သခွားမွှေးတွေ အဝယ်လိုက်လာတာတွေ့ရတယ်။ တရုတ်နှစ်သစ်ကူးအပြီး မှာအဝယ်တွေပိုလိုက်လာတာပါ။ ဖရဲသီး၊ သခွားမွှေးနဲ့ ကြံကားတွေအပါအဝင် ဆန်၊ဆန်ကွဲ၊ ရေထွက်ပစ္စည်းကားတွေ အစီးရေ ၂၅၀ လောက် နေ့စဉ် တရုတ်နိုင်ငံဘက်ကို တင်ပို့နေရပါတယ်’’ ဟုပြောသည်။

လတ်တလောတွင် တရုတ်နိုင်ငံဘက်မှ ဖရဲသီးနှင့် သခွားမွှေးဝယ်ယူမှုမြင့်တက်နေသည့်အပြင် တရုတ်နိုင်ငံဘက်မှ COVID-19ဖြေလျှော့မှုများဆောင်ရွက်လျက်ရှိသောကြောင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဖရဲသီးနှင့် သခွားမွှေးကားများ အများဆုံးတင်ပို့နေရပြီး ကြံကား၊ဖရဲသီးနှင့် သခွားမွှေးကားများ အစီး ၁၅၀ မှ ၁၇၀ ကြား တရုတ်နိုင်ငံသို့တင်ပို့နေရကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်ခန့်မှစပြီး ဖရဲသီးများ အဝယ်ပြန်တက်လာခဲ့ကာ နှစ်သစ်ကူးကာလတွင် ဖရဲသီး တစ်ကီလိုဂရမ်လျှင် တရုတ်ယွမ်ငွေ ၃.၆ယွမ် ရှိရာမှ ၄.၁ ယွမ်အထိ ဈေးကောင်းပေးလာပြီး အစေ့မဲ့ဖရဲသီး တစ်ကီလိုဂရမ်လျှင် ၅.၄ ယွမ်မှ ၅.၇ ယွမ် အထိဈေးကောင်းပေး၍ တရုတ်နိုင်ငံမှဝယ်ယူလျက်ရှိကြောင်း သိရသည်။ (Xinhua)