Connect with us

Videos

၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဖရဲသီး တန်ချိန် ၁၁၃,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဖရဲသီး တန်ချိန် ၁၁၃,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။“၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ မြန်မာ-တရုတ် နယ်စပ်ဂိတ်ကနေ ကားအစီးရေ ၇,၀၄၈ စီး တင်ပို့နိုင်ခဲ့ပါတယ်။ အရင်နှစ်တွေက ကိုဗစ်ကာလဆိုတော့ ဖရဲသီးစိုက်တဲ့သူနည်းတယ်။ ဒီနှစ်ကတော့ မနှစ်ကနဲ့ ယှဉ်ရင် ဖရဲသီးစိုက်တဲ့သူ ပိုများတဲ့အတွက် ပိုမိုတင်ပို့နိုင်မယ်လို့ ထင်ပါတယ်” ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ရှိသူက ပြောသည်။

ဖရဲသီးလှိုင်လှိုင်ထွက်မည့်ရာသီမှာ နိုဝင်ဘာလမှစ၍ ဇွန်လအထိဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဖရဲသီးကို စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြောင်း သိရသည်။

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က “ဖရဲသီးက တရုတ်နိုင်ငံကို အဓိကတင်ပို့ရတာဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က ဝယ်လိုအားရှိတဲ့ ဖရဲသီးမျိုးကို မြန်မာနိုင်ငံမှာ စိုက်ပျိုးပြီး တရုတ်နိုင်ငံကို ပြန်ပို့တာပါ” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၂ ရက်တွင်ပြောသည်။ဖရဲသီးသည် စတင်စိုက်ပျိုးသည့် အချိန်မှစ၍ ဒေသအလိုက်၊ မျိုးအလိုက် ရက်ပေါင်း ၆၀ မှ ၁၂၀ အတွင်း ခူးဆွတ်နိုင်ကြောင်း သိရသည်။ (Xinhua)