Connect with us

Social

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာနိုင်ငံ ကျေးလက်ဒေသနေ ပြည်သူလူထုအတွက် ပေးအပ်ခဲ့သည့် အခွင့်အလမ်း

ရေနံတင်သင်္ဘော တစ်စင်းက ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရှိ တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆိပ်ကမ်းတွင် ရေနံချရန် ပြင်ဆင်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဗဟိုအချက်အချာနေရာဖြစ်သည့် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသော ရွာလေးတစ်ရွာမှာ ယင်းမာချောင်း ကျေးရွာဖြစ်သည်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ရောက်ရှိလာခြင်းကြောင့် ၎င်းကျေးရွာလေးတွင် ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပြီး ရွာသူရွာသားအချို့ကလည်း ပိုက်လိုင်းဝန်ထမ်းများ ဖြစ်လာခဲ့သည်။

ယင်းမာချောင်းကျေးရွာသည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယင်းမာချောင်းဖြန့်ဝေရေးစခန်းနှင့် အနီးဆုံးရှိ ကျေးရွာတစ်ခုဖြစ်သည်။ ကျေးရွာတွင် ပိုက်လိုင်းဝန်ထမ်း ဆောင်ရွက်သူများက လူအများ၏အားကျမှုကို ခံရသူများဖြစ်ကြသည်။

ကျောက်ဖြူ မြို့နယ် မဒေးကျွန်း၌ တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အင်ဂျင်နီယာက ပိုက်လိုင်းစီမံကိန်း တည်နေရာတွင် စစ်ဆေးမှု ဆောင်ရွက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိအချိန်တွင် ယင်းမာချောင်းဖြန့်ဝေရေးစခန်းရှိ ဝန်ထမ်းပေါင်း ၂၈ ဦး အနက် တရုတ်နိုင်ငံမှဝန်ထမ်းက ၄ ဦးသာရှိကာ ကျန်ရှိသူများမှာ မြန်မာနိုင်ငံမှဝန်ထမ်းများဖြစ်ကြပြီး ၎င်းအနက် ၇ ဦးမှာ ယင်းမာချောင်းကျေးရွာမှ ရွာသားများဖြစ်ကြသည်။

ကိုကိုဦးသည် ယင်းမာချောင်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်ပြီး ရွာသားများအားကျရသော ပိုက်လိုင်းဝန်ထမ်းတစ်ဦးဖြစ်ကာ လက်ရှိအချိန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် ထိန်းသိမ်းသူတစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ကိုကိုဦးက မိမိအနေဖြင့်ရန်ကုန်တွင် ရွာနှင့်ခွဲခွာ၍ အလုပ်သွားရောက်ဆောင်ရွက်ခဲ့ဖူးပြီး ဝင်ငွေလည်းအနည်းငယ်သာရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မိမိနေရပ်၌အလုပ်လုပ်နိုင်ခဲ့ပြီး မိမိဇနီးမှာလည်း ပိုက်လိုင်းစီမံကိန်း၏ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ မိမိတို့ဇနီးမောင်နှံ နှစ်ဦးလုံးအနေဖြင့် ကောင်းမွန်သောလုပ်ငန်းအနေအထားနှင့် ကောင်းမွန်သည့်လစာကိုရရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ပိုက်လိုင်းစီမံကိန်းတွင် အလုပ်လုပ်ခွင့်ရရှိခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်ပြီး အလွန်လည်းဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနေဖြင့် ကိုကိုဦး ကဲ့သို့သောဒေသခံအား အလုပ်အကိုင်အခွင့်အလမ်းပေးခဲ့သည့်အပြင် ယင်းမာချောင်းကျေးရွာအတွက်လည်း ဝမ်းသာဖွယ်ကောင်းသောပြောင်းလဲမှုများကို ပေးအပ်ခဲ့သည်။ ကာလတစ်လျှောက် သောက်သုံးရေမလုံလောက်သည့် ပြဿနာကိုဖြေရှင်းပေးခဲ့ပြီး ယခင်အချိန်က နွားလှည်းသာသွားနိုင်သည့်လမ်းကို ကားလမ်းအဖြစ်ပြောင်းလဲပေးနိုင်ခဲ့သည်။ အသစ်တည်ဆောက်ပေးခဲ့သည့် စာသင်ကျောင်းဆောင်အသစ်မှာလည်း သန့်ရှင်းသပ်ရပ်စွာတည်ရှိနေပြီး ပိုက်လိုင်းဖြစ်ပေါ်လာမှုကြောင့် ကျေးရွာလေးမှာလည်း သက်ဝင်လှုပ်ရှားလာခဲ့သည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရှိ တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆိပ်ကမ်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပိုက်လိုင်းဝန်ထမ်းဖြစ်သည့် လီစိမ်း က ပိုက်လိုင်းစစ်ဆေးမှုပြုလုပ်ရန် ယင်းမာချောင်းကျေးရွာအား ရောက်ရှိချိန်တွင် ရွာသားများက မောင်းနှင်နေသည့်ဆိုင်ကယ်ကိုရပ်နား၍ ၎င်းအားနှုတ်ဆက်လေ့ရှိပြီး “ပိုက်လိုင်း ၊ ပိုက်လိုင်း” ဟုပြောကာ ပြုံး၍ သွားလိုရာကို ခေါ်ဆောင်သွားပေးကြောင်း၊ မြန်မာနိုင်ငံ ရိုးရာနှစ်သစ်ကူးသင်္ကြန် ရောက်ချိန်တိုင်းတွင်လည်း ရွာသားများက ဖြန့်ဝေရေးစခန်းသို့လာရောက်၍ အတူတကွ ပွဲတော်အား ဆင်နွှဲလေ့ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းမာချောင်းရွာလေး၏ပြောင်းလဲမှုက ပိုက်လိုင်းစီမံကိန်းတစ်ခုလုံး၏ သေးငယ်သောအစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၌ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်တည်ဆောက်ချိန်မှစ၍ မြန်မာနိုင်ငံအတွက် တိုက်ရိုက်စီးပွားရေးအကျိုးဖြစ်ထွန်းစေမှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိရရှိစေခဲ့ပြီး ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ခဲ့ကာ ပိုက်လိုင်းတစ်လျှောက်ရှိ မြန်မာနိုင်ငံပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။ ပိုက်လိုင်းစီမံကိန်းက မြန်မာနိုင်ငံအတွင်း ကူညီထောက်ပံ့မှုစီမံကိန်းပေါင်း ၂၈၀ ကျော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းများတွင် ကျန်းမာရေး၊ ပညာရေး၊ ရေပေးဝေရေး၊ လမ်းများတည်ဆောက်ခြင်း၊ ဆက်သွယ်ရေးနှင့် သဘာဝဘေးကူညီထောက်ပံ့ရေး စသည်တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။

COVID-19 ရောဂါဖြစ်ပွားချိန်တွင် ပိုက်လိုင်းစီမံကိန်းအနေဖြင့် မြန်မာနိုင်ငံအစိုးရထံသို့ ကူညီထောက်ပံ့မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မိဘမဲ့ကလေးကျောင်းနှင့် ဘိုးဘွားရိပ်သာ စသည့် အဖွဲ့အစည်းများထံသို့လည်း ကပ်ရောဂါကာကွယ်ရန်အတွက် နေ့စဉ်လူသုံးကုန်ပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့သည်။

လီစိမ်းမှာ မြန်မာနိုင်ငံတွင် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ညနေစောင်းအချိန် နီတောက်နေသော နေဝင်ဆည်းဆာအောက်တွင် လီစိမ်းက ရင်းနှီးနေသော စစ်ဆေးမှုလမ်းကြောင်းတွင် သွားလာနေချိန်၌ အိမ်ပြန်နေသည့် ဆိတ်များက လွတ်လပ်စွာသွားလာနေပြီး ရုံးဆင်းလာသည့်ဝန်ထမ်းများကလည်း ဆိုင်ကယ်ပေါ်မှ ၎င်းအားပြုံးပြ၍ဖြတ်ကျော်သွားကြသည်။ ဤသို့ဖြင့် လီစိမ်းသည် အေးချမ်းသည့်တစ်နေ့တာကို ဖြတ်ကျော်ခဲ့သည်။ ယင်းအားလုံးမှာ တရုတ်-မြန်မာ နှစ်နိုင်ငံပိုက်လိုင်းဝန်ထမ်းများ အတူတကွတည်ဆောက်ခဲ့သည့် လှပကောင်းမွန်သောလူနေမှုဘဝဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း အနာဂတ်က ပိုမိုကောင်းမွန်လာမည်ကို ယုံကြည်ကြသူများဖြစ်ကြသည်။  (Xinhua)