Connect with us

Africa & Middle East

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အီရတ်သို့ ရုတ်တရက် အလည်အပတ်ရောက်ရှိ

အမေရိကန် နိုင်ငံခြားဝန်ကြီး Mike Pompeo နှင့် အီရတ် သမ္မတ Barham Salihတို့ တွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသသို့ အလည်အပတ်ခရီးစဉ်သွားရောက်နေသည့် အမေရိကန် နိုင်ငံခြားဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် ဇန်နဝါရီ ၉ ရက်တွင် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရုတ်တရက်ရောက်ရှိလာပြီး အီရတ်အစိုးရအဖွဲ့သစ်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတBarham Salih က အာရပ်ဘာသာစကားသုံးနိုင်ငံနှင့် ဒေသများ တွင် မတည်ငြိမ်မှုများ လျော့နည်းသွားစေရန်၊ အစွန်းရောက်အကြမ်းဖက်ပြဿနာများကို လုံးဝဖြေရှင်း သွားနိုင်စေရန် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလို သည်ဟု ပြောကြားခဲ့ကြောင်း အီရတ်နိုင်ငံ သမ္မတရုံး၏ ယင်းနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။ မိုက်ပွမ်ပီယို (Mike Pompeo)ကလည်း အီရတ်သည် အမေရိကန်၏နိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေးကဏ္ဍများတွင် အရေးကြီးသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ရာ အမေရိကန် အနေဖြင့် အီရတ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြုပ်နှံသွား လိုကြောင်း၊ အထူးသဖြင့် အစွန်းရောက် ISအဖွဲ့၏လက်ထဲမှ လွတ်မြောက်လာသည့် မြို့များ၏ ပြန်လည် တည်ဆောက်ရေးတွင် ကူညီပံ့ပိုး ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

မိုက်ပွမ်ပီယို (Mike Pompeo)သည် အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdi၊ လွှတ်တော်ဥက္ကဋ္ဌ al-Halbousi၊ နိုင်ငံခြားရေးဝန်ကြီး al-Hakimတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။မိုက်ပွမ်ပီယို (Mike Pompeo)သည် ဇန်နဝါရီ ၈ ရက် မှစ၍ ဂျော်ဒန်၊ အီဂျစ်၊ ဆော်ဒီအာရေဗျစသည့် အရှေ့အလယ်ပိုင်းနိုင်ငံ ၈ နိုင်ငံသို့ အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်သည်။ မူလက ထုတ်ပြန်သည့် ထိုအလည်အပတ်ခရီးစဉ်တွင် အီရတ်မပါဝင်ကြောင်းသိရသည်။ (Xinhua)