Connect with us

Africa & Middle East

ဆီးရီးယားရှိ သူပုန်များအား သုံးလအတွင်း လက်နက်ချပါက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမည် ဖြစ်ကြောင်း သမ္မတ အာဆတ် ညွှန်ကြား

ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်- အာဆတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်- အာဆတ် (Bashar al-Assad) သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင် သူပုန်များအား သုံးလ အတွင်း အစိုးရထံ လက်နက်ချပါက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်က ညွှန်ကြားထားကြောင်း နိုင်ငံပိုင် သတင်း အေဂျင်စီ SANA က သတင်းဖော်ပြထားသည်။

အာဆတ်က ထုတ်ပြန်လိုက်သည့် သမ္မတ၏ အမိန့် ကြေညာစာတွင် မည်သည့် အကြောင်းကြောင့်ဖြစ်စေ လက်နက် ကိုင်ဆောင်ထားသည့် သို့မဟုတ် ပိုင်ဆိုင်ထားသည့် မည်သူမဆို အကျုံးဝင်ကြောင်း၊ အကယ်၍ ၎င်းတို့ ကိုယ်တိုင် လက်နက်ချလိုပါက ဇူလိုင်လ ၂၈ ရက်မှစ၍ သုံးလအတွင်း အစိုးရထံ လာရောက် လက်နက် ချနိုင်ကြောင်း ပါရှိသည်။
အဆိုပါ အမိန့်အရ ဖမ်းဆီးပြန်ပေးဆွဲ ခံခဲ့ရသူများအား ဒဏ်ရာမရရှိစေဘဲ ပြန်ပေးငွေဖြင့် ရွေးယူခြင်း မဟုတ်ဘဲလျက် ပြန်လည်လွှတ်ပေးခဲ့ပါက ထိုဖမ်းဆီးသူများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ အာဆတ်သည် Greek TV သတင်းဋ္ဌာနကို သူပုန်များ လက်နက်ချလာပါက လွတ်ငြိမ်းခွင့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် နောက်နေ့တွင် ယခုလို အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဆီးရီးယားနိုင်ငံအတွင်း ငါးနှစ်ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်တစ်လျှောက် အာဆတ်သည် လွတ်ငြိမ်းချမ်းသာခွင့် များစွာ ပေးခဲ့ပြီး အချိန်ကြာမြင့်နေပြီ ဖြစ်သည့် ပဋိပက္ခအား နှိမ်နင်းရန် ကြိုးပမ်းခဲ့သည်။
ဇူလိုင်လ ၂၇ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အလက်ပိုမြို့ပေါ်သို့ သူပုန်များ လက်နက်ချရန် တိုက်တွန်း ထားသလို အရပ်သားများကိုလည်း အစိုးရတပ်နှင့် ပူးပေါင်းရန် ရေးသားထားသည့် လက်ကမ်း ကြော်ငြာ ထောင်ပေါင်းများစွာ ကြဲချခဲ့ကြောင်း ဆီးရီးယား စစ်တပ်၏ ကွပ်ကဲရေး ဗိုလ်ချုပ်ကြီးက ဇူလိုင်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ယင်း လက်ကမ်းကြော်ငြာများ၌ သူပုန်များ ထိန်းချုပ်ထားသည့် အလက်ပိုမြို့ အရှေ့ပိုင်းမှ အရပ်သားများ လုံခြုံစွာ ထွက်ခွာနိုင်မည့် နည်းလမ်းများအား ထောက်ပံ့ပေးထားကြောင်း သိရသည်။
အစိုးရနှင့် မဟာမိတ်တပ်များသည် အလက်ပိုမြို့ အရှေ့ပိုင်းရှိ သူပုန်များ၏ နောက်ဆုံးလမ်းကြောင်းအား ဖြတ်တောက်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.