Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ Idlib ၌ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ သူပုန် ၅ဝ ခန့်သေဆုံး

ဆီးရီးယားနိုင်ငံ၌ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ဝင်များ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကတ်စ် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်၌ သူပုန်တပ်မှူးများ အစည်းအဝေးပြုလုပ်သည့် နေရာအား ပစ်မှတ်ထား၍ သြဂုတ် ၃၁ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့စဉ်အတွင်း အဓိကသူပုန်တပ်မှူးများအပါအဝင် သူပုန်တပ်ဖွဲ့ဝင် ၅ဝ ဦးခန့်သေဆုံးသွားကြောင်း စစ်ဘက်ဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ဆိုသည်။

ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့က အယ်ယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နှင့် မဟာမိတ်ပြုထားသော Hurras al-Deen အုပ်စု နှင့် Ansar al-Tawhid အုပ်စုတို့မှ တပ်မှူးများ အစည်းအဝေးပြုလုပ်နေစဉ် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူအရေအတွက်မှာ ၅ဝ ဦးခန့်ရှိနိုင်ကြောင်း ၊ သို့သော် ရုပ်အလောင်းများအားရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

အင်္ဂလန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က အမေရိကန်ဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့သည် ဆီးရီးယားသူပုန်အဖွဲ့အစည်းအဝေးကို ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အနည်းဆုံး ဒုံးကျည်ပေါက်ကွဲမှု ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က Idlib ပြည်နယ်၌ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုသည် အမေရိကန်နိုင်ငံသားများ ၊ ၎င်း၏မဟာမိတ်များ နှင့် အပြစ်မဲ့အရပ်သားများအား ခြိမ်းခြောက်တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန် တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့က သြဂုတ် ၃ဝ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်းကြေညာပြီးနောက် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုပေါ်ပေါက်လာခြင်းဖြစ်ကြောင်း နှင့် အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် သြဂုတ် ၃၁ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရည်အသစ်မှာ Idlib ဒေသတွင် ဆီးရီးယားစစ်တပ် နှင့် အယ်လ်ကိုင်းဒါးနှင့်ဆက်နွယ်မှုရှိသော အုပ်စုများအကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုကို အဆုံးသတ်ရန်ဖြစ်ကြောင်း သိရသည်။(Xinhua)