Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ၊ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦး သေဆုံး

၂၀၁၉ခုနှစ် သြဂုတ် ၃၁က အာဖဂန်နစ္စတန်နိုင်ငံ Kunduzမြို့တွင် တာလီဘန်ရှင်းလင်းရေးလုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Kunduz မြို့တွင် သြဂုတ် ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းနေ့တွင်ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားချိန်သည် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်ကဖြစ်ပြီး Kunduzပြည်နယ် ရဲဌာနအကြီးအကဲက မီဒီယာများအား Kunduzမြို့ လုံခြုံရေးအခြေအနေနှင့်ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထားသူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Kunduzပြည်နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦးသေဆုံးခဲ့သလို ရဲဌာနအကြီးအကဲအပါအဝင် လူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဖဂန် တာလီဘန်များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်ဟု သိရသည်။

သြဂုတ် ၃၁ ရက် နံနက် ၁ နာရီခန့်ကစ၍ တာလီဘန်လက်နက်ကိုင်များသည် နေရာ သုံးနေရာမှ Kunduzမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့၏အစီအစဉ်ကို ကြိုတင်သိရှိပြီး ထိရောက်စွာ တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန၏ ယင်းနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်ခိုက်မှုကြောင့် တာလီဘန်လက်နက်ကိုင် ၃၈ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ကိုင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)