Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်ကြောင့် လူ ၆ ဦးသေဆုံး၊ ၅၁ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျာကာတာ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် South Halmaheraဒေသတွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်ကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးပြီး အခြားလူ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန(BNPB)၏ ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။

ငလျင်ကြောင့် ဒေသခံ ၅ ဦးမှာ အဆောက်အဦပြိုကျ ပိမိ သေဆုံးခဲ့ရပြီး အသက် ၉၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦးသည် ယာယီခိုလှုံရာစခန်းတွင် သေဆုံးခဲ့ကြောင်း BNPB ပြောရေးဆိုခွင့်ရှိသူ Agus Wibowoက ဇူလိုင် ၁၇ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ပြောကြားခဲ့သည်။ ငလျင်ကြောင့် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းအထိ လူပေါင်း ၃၁၀၄ ဦး အရေးပေါ်ရွှေ့ပြောင်းခဲ့ရသလို နေအိမ်၊ကျောင်း၊လမ်းတံတားစသည့် အဆောက်အဦတစ်ထောင်နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

Agus Wibowo၏ပြောကြားချက်အရ လက်ရှိတွင် အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ၊စစ်တပ်နှင့်ရဲတပ်ဖွဲ့၊ အမျိုးသားရှာဖွေကယ်ဆယ်ရေးဌာန၊ စေတနာ့ဝန်ထမ်းနှင့် အရပ်ဖက်အဖွဲ့အစည်းများ ၊ ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်း၍ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ အရေးပေါ် ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို လေယာဉ်၊ ရေယာဉ်များနှင့် ဝေးလံသည့် ဘေးဒဏ်သင့်နေရာများသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်တွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက ပြင်းအား ၇.၂ အဆင့်ဖြင့် South Halmaheraဒေသကို ဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ရာသီဥတုနှင့်ဘူမိရူပအေဂျင်စီ (BMKG) ၏ ဝက်ဘ်ဆိုက် သတင်းများက ဖော်ပြထားသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ဗဟိုပြုရာနေရာအနီးတဝိုက်တွင် နောက်ဆက်တွဲငလျင် ၆၅ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိရာ နှစ်စဉ် ငလျင်ကြီးငလျင်ငယ် အကြိမ် ထောင်နှင့်ချီလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလက အင်ဒိုနီးရှားနိုင်ငံ Central Sulawesiပြည်နယ် Donggalaတွင် ပြင်းအား ၇.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်နှင့် ငလျင်ကြောင့် ဖြစ်ပွားသော ဆူနာမီကြောင့် လူ ၂၀၀၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.