Connect with us

Asia

ဖိလစ်ပိုင်အစိုးရ က သမ္မတအား ပုတ်ခတ်ရေးသားသည့် ပြင်သစ်သတင်းစာ အား ပြစ်တင်ပြောဆို

ဖိလစ်ပိုင်သမ္မတ ဒူတာတေးအကြောင်း ဝေဖန်ရေးသားထားသည့် ပြင်သစ်သတင်းစာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အစိုးရ က သမ္မတ ရိုဒရီကို ဒူတာတေးအား “ကွင်းဆက်လူသတ်သမားသမ္မတ” အဖြစ် ဖော်ပြခဲ့သည့် ပြင်သစ်နေ့စဉ်သတင်းစာ၏ ရေးသားမှုအား တာဝန်မဲ့သည့်အရေးအသားတစ်ခု အဖြစ် အောက်တိုဘာ ၉ ရက် က ညွှန်းဆိုပြောကြားခဲ့သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ernesto Abella က သမ္မတ ဒူတာတေးသည် ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း ကြမ်းတမ်းသည့် စကားလုံးများ သုံးစွဲခဲ့သော်လည်း လက်တွေ့တွင်မူ လုပ်ငန်းစဉ်အားလုံး ပုံမှန်ပြီးဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သတင်းစာ ခေါင်းကြီးပိုင်းတွင် “ရိုဒရီကို ဒူတာတေး, ကွင်းဆက်လူသတ်သမားသမ္မတ” ခေါင်းစဉ်ဖြင့် ရေးသားထားမှုများအား တုန့်ပြန်သည့်အနေဖြင့် ၎င်းက “ဒီလိုရေးသားမှုဟာ တာဝန်မဲ့တဲ့ ရေးသားမှု တစ်ခုဖြစ်ပြီး စကားလုံးတွေကိုလည်း ပေါ့ပေါ့ဆဆနဲ့ အသုံးပြုထားပါတယ်။ မီဒီယာရဲ့ အင်အားကို အသုံးပြုပြီး ဖိလစ်ပိုင်နိုင်ငံကို အထင်လွဲမှားစေရန် လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ရေဒီယို အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

၎င်းက ရေးသားမှုသည် တာဝန်ယူမှုကင်းမဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ အခြေအနေအမှန်ကို နားလည်သဘောပေါက်မှုမရှိခြင်းကို ပြသနေသကဲ့သို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Abella က လွန်ခဲ့သည့် နှစ်များ က ယခင်အစိုးရများ လက်ထက်တွင် တရားမဝင်မူးယစ်ဆေးဝါးပြဿနာ အား ဖြေရှင်းခဲ့ခြင်းမရှိ၍ ယခုအခါတွင် ပြဿနာကြီးတစ်ခုဖြစ်လာကြောင်း၊ ထို့ကြောင့် ဆိုးရွားလာသည့် အခြေအနေနှင့် ထိုက်တန်သော ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဒူတာတေး စတင်အုပ်ချုပ်ခဲ့သည့် ယခင် သုံးလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ နှင့် ရောင်းချသူအဖြစ် သံသယ ရှိသူပေါင်း ၃,၀၀၀ကျော် အသတ်ခံခဲ့ရပြီး လူ ၁၅၀၀ကျော်မှာ ရဲတပ်ဖွဲ့ဝင်များ၏ တရားဝင် မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.