Connect with us

Asia

လေထုညစ်ညမ်းမှု ဆိုးရွားလာသဖြင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများအားလုံး ပိတ်ထားရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆောက်အအုံများအား မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က လေထုအရည်အသွေး ဆိုးဝါးလာသဖြင့် မြို့တော်စီမံအုပ်ချုပ်မှု (BMA) အောက်ရှိ စာသင်ကျောင်းများအားလုံးကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

လေထုအတွင်း PM2.5 ပမာဏရှိသောဖုန်မှုန့်များ ပါဝင်မှုနှင့် လေထုလည်ပတ်မှု နိမ့်ကျလာခြင်းရလဒ်အဖြစ် လေထုအရည်အသွေး ဆိုးရွားမှုမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း BMA က သတိပေးထားခဲ့သည်။အထပ်မြင့်ဆောက်လုပ်ခြင်းနှင့် လျှပ်စစ်ရထား တည်ဆောက်မှုလုပ်ငန်းများကိုလည်း ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း BMA ပြောရေးဆိုခွင့်ရှိသူ ပွန်ဆတ်ခွန် ကွမ်မွမ်က ဖေဖော်ဝါရီ ၂၅ ရက်၌ ပြောကြားခဲ့သည်။

ထို့ပြင် ခြောက်ဘီးကားများ နေ့အချိန် ဘန်ကောက်မြို့တွင်းဝင်ရောက်ခြင်းကို တားဆီးရန် ထိုင်းရဲတပ်ဖွဲ့က အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ် မီးခိုးငွေ့ထုတ်လွှတ်မှုများ စစ်ဆေးရန်လည်း လမ်းအတားအဆီးများ ချထားကြောင်း သိရသည်။ ဘန်ကောက်မြို့ တစ်မြို့လုံးနှင့် အနီးဝန်းကျင်တွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ PM2.5 အရွယ်အစား ဖုန်မှုန့်များ ပါဝင်မှုပမာဏ လွန်ကဲနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ အရည်အသွေး သတ်မှတ်အဆင့် ၅၅ မှ ၉၀ ကြားတွင် ရှိသည်ကို တိုင်းတာမိခဲ့ကြောင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။  (Xinhua)