Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ရေကြီးရေလျှံမှုကြောင့် လူ ၅ ဦးသေဆုံး ပြီး ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ရေကြီးရေလျှံခြင်းကြောင့် ပိတ်မိနေသူများအား သက်ကယ်လှေများဖြင့် သွားရောက်ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အချို့ဒေသများ၌ ဖေဖော်ဝါရီ ၂၅ ရက်မှ၂၆ရက် အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးကာ လူပေါင်း ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဂျကာတာမြို့၌ ရေကြီးရေလျှံဖြစ်ပွားမှုအခြေအနေဆိုးရွားသည့်နေရာတွင် ရေနစ် ဓါတ်လိုက်၍ သေဆုံးသူ ၅ ဦးရှိရာ ၂ ဦးသည် လူငယ်များဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အာဂစ်ဝီဘိုဝို(Agus Wibowo)က ဆိုသည်။  ပျောက်ဆုံးသူ ၃ ဦးကို ပူးတွဲကူညီကယ်ဆယ်ရေးအဖွဲ့က ရှာဖွေလျက်ရှိကြောင်း ၊ လူ ၂သောင်းခန့်သည် အရေးပေါ် ခိုလှုံရေးစခန်းများတွင် ခိုလုံလျက်ရှိကြောင်း အာဂစ်ဝီဘိုဝိုက ပြောကြားခဲ့သည်။ 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖေဖော်ဝါရီ ၂၅ က မြစ်ချောင်းများရှိ ရေကာတာများ ကျိုးပေါက်ခဲ့ပြီး လျှံထွက်လာသည့်ရေများသည် ဂျကာတာရှိ သမ္မတအိမ်တော်၊ ဆေးရုံတစ်ရုံနှင့် လမ်းများထဲသို့ စီးဝင်ခဲ့ရာ ရေအနက်ဆုံးနေရာမှာ ၁.၅ မီတာ ရှိကြောင်း သိရသည်။ နေရာဒေသအမြောက်အမြားတွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သလို လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေခဲ့ရာ သက်ကယ်လှေများဖြင့် ခေါင်မိုးပေါ်တွင် ပိတ်မိနေသည့် လူများအား ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။ 

ယခုရေဘေးသည် ဂျကာတာတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားခြင်း ဖြစ်ပြီး ယခုနှစ် နှစ်ဆန်းပိုင်းက ဂျကာတာ၌ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားခဲ့ရာ ရေကြီးရေလျှံမှုကြောင့် လူ ၇၀ ခန့် သေဆုံးခဲ့ကြောင်းသိရသည်။ဂျကာတာနှင့်၎င်းအနီးတဝိုက်ရှိဒေသများသည် မြေနိမ့်ဖြစ်ပြီး နေထိုင်သူ သန်း ၃၀ ကျော် ရှိကြောင်း ၊ ၎င်းမြို့သည် ယာဉ်ကြောကြပ်တည်းခြင်း၊ အခြေခံအဆောက်အဦဟောင်းနွမ်းခြင်း၊ နှစ်စဉ်မိုးရာသီကာလတွင် ရေကြီးရေလျှံဖြစ်ပွားခြင်းများ ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြို့တော်ကို အရှေ့ကာလီမန်တန်ပြည်နယ်သို့ ရွှေ့ပြောင်းမည်ဟု ပြီးခဲ့သောနှစ်  ဩဂုတ်လက ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)