Connect with us

Asia

အိန္ဒိယသည် အီရန်ဆိပ်ကမ်း စီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အသင့်ဖြစ်

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Chabahar ဆိပ်ကမ်း အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် အီရန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Chabahar ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အသင့်ဖြစ်ကြောင်း အီရန်နိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ ရေနံနှင့် သဘာဝဓါတ်ငွေ့ ဝန်ကြီး Dharmendra Pradhan ၏ ပြောကြားချက်ကို Press TV က ဧပြီလ ၁၀ ရက်တွင် ထုတ်လွှင့် ခဲ့သည်။

အိန္ဒိယသည် Chabahar ဆိပ်ကမ်း ဖွံ့ဖြိုးရေး အတွက် ပြင်ဆင်နေပြီး ယင်းဒေသသို့ သွားရောက် လေ့လာမည် ဖြစ်ကြောင်း Pradhan က အီရန်နိုင်ငံ ရေနံနှင့် သဘာဝဓါတ်ငွေ့ ဝန်ကြီး Bijan Namdar Zangeneh နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးက အီရန်နိုင်ငံ၏ Farzad-B ဓါတ်ငွေ့လုပ်ကွက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ရေနံသန့်စင်ရေး စီမံကိန်းများတွင် ပူးပေါင်း လုပ်ဆောင်ရေး၊ အိန္ဒိယသို့ အီရန်မှ ရေနံနှင့် ရေနံထွက် ပစ္စည်းများ တင်ပို့ရေး နှင့် ရေနံဓါတု စက်ရုံတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ အား ဧပြီလ ၉ ရက်တွင် နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံ ဝန်ကြီးက အီရန်နိုင်ငံမှ အိန္ဒိယသို့ ရေနံတင်ပို့မှုသည် တစ်ရက်လျှင် စည်ပေပါ ပေါင်း ၃၅၀,၀၀၀ ရှိပြီး အီရန်နိုင်ငံကို ပိတ်ဆို့ထားသည့် နိုင်ငံတကာမှ ပိတ်ဆို့မှုများ အားလုံးကို ဖယ်ရှားပြီးနောက် ရေနံတင်ပို့ မှုကို အရှိန် မြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Press TV ၏ဖော်ပြချက်အရ အီရန်နှင့် အိန္ဒိယတို့သည် Chabahar ဆိပ်ကမ်း တိုးတက်ရေး အတွက် ၂၀၀၃ ခုနှစ် ကတည်းက သဘောတူ ခဲ့ကြသော်လည်း နိုင်ငံတကာမှ ပိတ်ဆို့မှုများကြောင့် ရပ်ဆိုင်းထားခဲ့ ရကြောင်း သိရသည်။
Chabahar ဆိပ်ကမ်းသည် ပါကစ္စတန်နိုင်ငံ နယ်စပ်ရှိ အိုမန် ပင်လယ်ကွေ့တွင် တည်ရှိကြောင်း သိရသည်။
အိန္ဒိယသည် Chabahar ဆိပ်ကမ်းအား ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ပြီးပါက နယူးဒေလီမှ အာဖဂန်နစ္စတန် နှင့် အာရှ အလယ်ပိုင်းသို့ မဟာဗျူဟာမြောက် ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.