Connect with us

Europe

အီတလီနိုင်ငံ နှင်းထုပြိုကျ၍ ဂျာမန်နိုင်ငံသား သားအမိနှစ်ဦး သေဆုံး

အီတလီနိုင်ငံတွင် နှင်းလွှာပြိုကျမှုအောက်တွင် အသက်ရှင်ကျန်ရစ်နိုင်မည့်သူများအား ကယ်ဆယ်ရေးသမားများက ရှာဖွေနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ရောမ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဂျာမန်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ အသက် ၁၁ နှစ်အရွယ် သမီးငယ်တို့သည် အီတလီနိုင်ငံ မြောက်ပိုင်းနှင့် သြစတြီးယားနိုင်ငံတို့ နယ်စပ်ဖြစ်သော Trentino-Alto Adige ဒေသတွင် စကိတ်စီးနေစဉ် နှင်းထုပြိုကျကာ သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဇန်နဝါရီလ ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဆီးနှင်းများ အများအပြား ကျဆင်းပြီးနောက် နှင်းထုပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှင်းလွှာထုပြိုကျနိုင်မှု အန္တရာယ် အဆင့် သုံးရှိကြောင်း မိုးလေဝသလုပ်ငန်းက သတိပေးထားသည်။

နှင်းထုပြိုကျမှုမှာ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၁၀၀ မီတာရှိသော Venosta တောင်ကြားရှိ Belpiano-Malga San Valentino စကိတ် အပန်းဖြေစခန်း၌ ဖြစ်ပွားခဲ့ပြီး မီတာ ၁၀၀ အကျယ်ရှိကြောင်း RAI TV က ဖော်ပြခဲ့သည်။

အဆိုပါ သေဆုံးသူ သားအမိနှစ်ဦးသည် အခြား အားလပ်ရက် အပန်းဖြေထွက်လာသူ ၇ ဦးနှင့်အတူ နှင်းလျှောစီးနေခဲ့ကြောင်း၊ အခြားသူများအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ရာသီဥတု အခြေအနေကြောင့် အစပိုင်းတွင် ၎င်းတို့ထံ ရဟတ်ယာဉ် ရောက်ရှိရန် မဖြစ်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများက နှင်းထုအား တူးဖော်ကာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏ သမီးတို့အား ဆွဲထုတ်ခဲ့ရကြောင်း၊ သမီးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိခင်မှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း အီတလီ သတင်းအေဂျင်စီ ANSA က တင်ပြထားသည်။

အဆိုပါ နှင်းလွှာစီးအဖွဲ့မှာ ဂျာမနီနိုင်ငံ အနောက်တောင်ဘက် Ludwigsburg မြို့မှ လာရောက်ခြင်း ဖြစ်သည်။ သေဆုံးသူ နှစ်ဦးသည် နှင်းထုပြိုကျမှုအောက်မှ ပွတ်ကာသီကာ လွတ်မြောက်သွားသော အသက်ရှင်ကျန်ရစ်သူ ၇ ဦးနှင့် တစ်ဖွဲ့တည်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ဂျာမန် သတင်းဋ္ဌာန DPA ထံ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.