Connect with us

Europe

IS အကြမ်းဖက်အုပ်စုနှင့် ပူးပေါင်းခဲ့သည့် နော်ဝေနိုင်ငံသားအား ထောင်ဒဏ်ချမှတ်

IS အကြမ်းဖက်အုပ်စုနှင့် ပူးပေါင်းခဲ့သည့်နော်ဝေနိုင်ငံသား Kristian Michelsenအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အိုစလို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အသက် ၃၄နှစ်အရွယ် နော်ဝေးနိုင်ငံသားတစ်ဦးအား IS အကြမ်းဖက်အုပ်စုနှင့် ပူးပေါင်းမှု နှင့် ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့မှုတို့ဖြင့် ထောင်ဒဏ် ၇နှစ် ၆လ ချမှတ်ခဲ့ကြောင်း TV2 ရုပ်သံလိုင်းက နိုဝင်ဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။

Kristian Michelsen အမည်ရှိ အဆိုပါအမျိုးသားသည် နော်ဝေနိုင်ငံ အလယ်ပိုင်း Verdal မြို့မှ ဖြစ်ပြီး ဆီးရီးယားနိုင်ငံသို့ ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင်သွားရောက်ခဲ့ပြီး IS စစ်သွေးကြွအဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း TV2 ရုပ်သံလိုင်း၏ဖော်ပြချက်အရ သိရသည်။

IS စစ်သွေးကြွအဖွဲ့မှ ထွက်လာသည့် Michelsenအား ၂၀၁၆ခုနှစ် ဧပြီလတွင် ဆီးရီးယားနိုင်ငံ နှင့် ထိစပ်နေသည့် တူရကီနယ်စပ်တွင်ဖမ်းဆီးခဲ့ပြီး ၎င်းအား တူရကီနိုင်ငံက နယ်နှင်ဒဏ်ပေးခဲ့ပြီးနောက် နော်ဝေရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုစလိုခရိုင် တရားရုံး၏ ပြောကြားချက်အရ Michelsen သည် ဆီးရီးယားပြည်သူများအပေါ် ပြင်းထန်သည့် ထိတ်လန့်ကြောက်ရွံ့မှုများဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ဆီးရီးယားနိုင်ငံအတွင်းသို့ဝင်ရောက်ကာ IS အဖွဲ့၏ လေ့ကျင့်ရေးအစီအစဉ်များ နှင့် လက်နက်အသုံးပြုမှုသင်ကြားရေးများတွင်ပါဝင်ခဲ့ကြောင်း သိရသည်။

Michelsen က စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းသည် ဆီးရီးယားနိုင်ငံရှိ အရေးပေါ်ထောက်ပံ့ရေးအဖွဲ့ နှင့်သာ လက်တွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နော်ဝေနိုင်ငံမှ Michelsen မထွက်ခွာခင် ISအဖွဲ့၏သတင်းများကို မီဒီယာများစွာက ဖော်ပြခဲ့ကြသော်လည်း ၎င်းက ISအဖွဲ့၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်းမရှိကြောင်း ခုခံပြောဆိုခဲ့သည်။

Michelsen၏ ရှေ့နေက Michelsen သည်ယင်းပြစ်ဒဏ်အား အယူခံဝင်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းအား ထောင်ဒဏ် ၉နှစ်အထိချမှတ်ရန် လိုလားသည့် အစိုးရရှေ့နေများကလည်း အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.