Connect with us

Latin America

ရာသီဥတုပြောင်းလဲမှု သဘောတူညီမှုမှ နှုတ်ထွက်ရန် ထရန့်၏ မဲဆွယ်စည်းရုံးမှုအား ထိပ်တန်းသိပ္ပံပညာရှင်များ ကန့်ကွက်

မဲဆွယ်စည်းရုံးရေးဆင်းနေသည့် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် က ၎င်းအနေဖြင့် အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပါက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ၂၀၁၅ခုနှစ် ပါရီ သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ခြင်းအပေါ် ရာပေါင်းများစွာသော ထိပ်တန်း သိပ္ပံပညာရှင်များက သတိပေးကန့်ကွက်သည့် အိတ်ဖွင့်ပေးစာတစ်စောင်အား စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးစာ၌ “ လူသားများကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုဆိုတာ ယုံကြည်ချက်တစ်ခုမဟုတ်သလို လိမ်လည်ကြံစည်မှုတစ်ခုလည်း မဟုတ်ပါဘူး။ အမှန်တကယ်ဖြစ်ပေါ်လာမယ့် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်” ဟုရေးသားထားပြီး နိုဘယ်ဆုရှင် ၃၀ဦး နှင့် စတီဗင် ဟော့ကင်း ကဲ့သို့ ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်များ အပါအဝင် အမေရိကန် အမျိုးသား သိပ္ပံအကယ်ဒမီ မှ သိပ္ပံပညာရှင် ၃၇၅ဦးက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သိပ္ပံပညာရှင်များက အမေရိကန်သည် ယင်းသဘောတူညီချက်မှ နှုတ်ထွက်မည်ဆိုပါက အမေရိကန်အနေဖြင့် လူသားများကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှု နှင့် ဆက်စပ်နေသည့် ကမ္ဘာ့ပြဿနာများအပေါ် အလေးထားဂရုပြုခြင်းမရှိတော့ကြောင်း ကမ္ဘာအရပ်ရပ်သို့ ပြတ်သားစွာ ဖော်ပြလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေးစာ၌ ပါရီ သဘောတူညီချက် မှ နှုတ်ထွက်ခြင်းသည် အမေရိကန်နိုင်ငံအပေါ် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှု နှင့် ကမ္ဘာမြေကြီး၏ ရာသီဥတု အပေါ် ပြင်းထန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပွားစေနိုင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံသည် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရန် အတွက် ကောင်းမွန်ဆန်းသစ်သည့် ဖြေရှင်းချက်များ ထွက်ပေါ်လာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း ရေးသားထားသည်။
ပါရီ သဘောတူညီချက်မှ ရှောင်ထွက်ခြင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ ကိုယ်ကျင့်တရား (သို့) ကမ္ဘာ့ခေါင်းဆောင်ကဏ္ဍ များတွင် အမေရိကန်နိုင်ငံ၏ အရေးပါမှုများ လျော့ကျသွားနိုင်စေသည့်အတွက် ထိုသို့နှုတ်ထွက်ရန် မသင့်ကြောင်း ဖော်ပြထားသည်။
ထရန့် က ရာသီဥတုပြောင်းလဲမှုသည် အလိမ်အညာတစ်ခုဖြစ်ပြီး ပါရီသဘောတူညီချက်ဆိုသည်မှာလည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
၎င်းက “ ပါရီသဘောတူညီချက်ကနေ နှုတ်ထွက်သွားမှာဖြစ်ပြီး ကုလသမဂ္ဂ၏ ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ အစီအစဉ်များအတွက် အမေရိကန်နိုင်ငံ အခွန်ပေးဆောင်မှု အားလုံးကို ရပ်တန့်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.