Connect with us

North America

တန်နက်ဆီပြည်နယ်ရှိ ဘုရားကျောင်းအတွင်း ပစ်ခတ်မှုတွင် အနည်းဆုံးလူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ ဘုရားရှိခိုးကျောင်းအတွင်းပစ်ခတ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့ ကဖမ်းဆီးလာစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း တစ်ခုအတွင်း စက်တင်ဘာလ ၂၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများထဲတွင် သေနတ်သမားလည်း ပါဝင်ကြောင်း Nashville မီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။“ Burnett’s Chapel ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်း ပစ်ခတ်မှုမှာ လူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး သူတို့တွေကို ဆေးဝန်ထမ်းတွေက ကုသမှုတွေပြုလုပ်ပေးနေပါတယ်” ဟု Nashville မီးသတ်ဌာန၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ဒဏ်ရာရသူများထဲမှ တစ်ဦးမှာ နောက်ပိုင်းတွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။အဆိုပါ ဘုရားရှိခိုးကျောင်းသည် Nashville မြို့ရှိ Davidson အစိုးရရုံးအနီး Antioch ၌ တည်ရှိကြောင်း သိရသည်။

“ ဒါဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ အနေအထားပါပဲ။ ဒဏ်ရာရသူတွေအားလုံးကို ဒေသတွင်းဆေးရုံးတွေဆီကို ပို့ဆောင်ထားပါတယ်။ အများစုကတော့ လူကြီးပိုင်းတွေပါ” ဟု မီးသတ်ဌာနက တွစ်တာလူမှုကွန်ရက်တွင် နောက်ထပ်ဖော်ပြခဲ့သည်။ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဘုရားရှိခိုးကျောင်းအတွင်း၌ လူပေါင်းမည်မျှ ရှိသည်ကို မသိရှိရပေ။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘုရားကျောင်းပတ်ပတ်လည်ကို စက်တင်ဘာလ ၂၄ ရက် နံနက် ၁ဝ နာရီမှ စတင်ကာ ပိတ်ပစ်ထားကြောင်း သိရသည်။ပစ်ခတ်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။(Xinhua)