Connect with us

North America

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ပထမဆုံး COVID-19 ကူးစက်ခံထားရသူတွေ့ရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ထားသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံးလူနာတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း မြို့တော်ဝန် Muriel Bowser က မတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဝါရှင်တန်မြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းက မတ် ၇ ရက် ညနေပိုင်းတွင်ပြုလုပ်သော စမ်းသပ်စစ်ဆေးချက်အရ COVID-19 ကူးစက်ခံထားရသော ပထမဆုံးလူနာကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း Bowser က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဝါရှင်တန်ဒီစီမြို့ခံ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ နှောင်းပိုင်းက ရောဂါလက္ခဏာစတင်ခံစားခဲ့ရပြီး မတ်လ ၅ ရက်တွင် ဆေးရုံတက်၍ ကုသမှုခံယူခဲ့ကြောင်း မြို့တော်ဝန်ကဆိုသည်။ အဆိုပါအမျိုးသားကြီးသည် နိုင်ငံရပ်ခြားသို့သွားရောက်ခဲ့သည့် မှတ်တမ်းမရှိကြောင်း နှင့် ၎င်းသည် သိရသလောက် မည်သည့် COVID-19 ကူးစက်လူနာတစ်ဦးဦးနှင့် ထိတွေ့ဆက်ဆံခဲ့မှုလည်းမရှိကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ထားသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် မတ် ၇ ရက် ညနေပိုင်းအထိ COVID-19 ကူးစက်ခံထားရသော လူနာအရေအတွက် ၄၂၄ ဦး နှင့် သေဆုံးသူ ၁၇ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း  ဂျွန်ဟော့ကင်း သိပ္ပံ နှင့် အင်ဂျင်နီယာစင်တာ၏ ပြောကြားချက် အရသိရသည်။ ထို့ပြင် အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး(CDC)ဌာနကလည်း မတ် ၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ ရောဂါကူးစက်ခံရသူ ၂၁၃ ဦး နှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း အတည်ပြုထားသည်။(Xinhua)