Latin America
ဘာဆီလိုနာအသင်းက ဘရာဇီးU20 ကွင်းလယ်ကစားသမားကို အငှားစာချုပ်ဖြင့် ခေါ်ယူ
ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)
ဘာဆီလိုနာ အသင်းသည် ဘရာဇီး U20 အသင်းမှ ကွင်းလယ်ကစားသမား ဗစ်တင်ဟို(Vitinho) အား ပါးမီးယက်စ်အသင်းမှ အငှားစာချုပ်ဖြင့် ဘောလုံးရာသီ တစ်ရာသီစာ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဘာဆီလိုနာအသင်းက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဘာဆီလိုနာအသင်းက က အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဗစ်တင်ဟိုအား ဘာဆီလိုနာအရန်အသင်းတွင် ထည့်သွင်းကစားစေမည်ဖြစ်ကြောင်း နှင့် ၎င်း၏ အငှားစာချုပ်သက်တမ်းပြည့်မည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် အမြဲတမ်းစာချုပ် ချုပ်ဆိုသွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
“ သူဟာ ကွင်းလယ်ညာတောင်ပံ ဒါမှမဟုတ် ရှေ့တန်းမှာ ကစားနိုင်သူတစ်ယောက်ပါ။ ပြီးတော့ လျင်မြန်မှုနဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဘောလုံးလည်း ကောင်းကောင်းဆွဲပြေးနိုင်သလို ကစားဖော်တွေကို ဘယ်လို ပံ့ပိုးပေးရမလဲဆိုတာကို ကောင်းကောင်းမြင်တတ်တဲ့ ကစားသမားပါ” ဟု ဘာဆီလိုနာအသင်း၏ ထုတ်ပြန်ချက်ကို အသင်းပိုင် အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ဗစ်တင်ဟိုသည် ပါးမီးယက်စ်အသင်း နှင့် ၂ဝ၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ဆာအိုပေါ်လိုမြို့အခြေစိုက် အသင်းအတွက် ၈ ပွဲတိတိပွဲထွက်ကစားခွင့်ရကာ တစ်ဂိုးသွင်းယူပေးထားကြောင်း သိရသည်။
၎င်းသည် ဇူလိုင်လ ၁၂ ရက်တွင် ဘာဆီလိုနာအသင်းနှင့်အတူ လေ့ကျင့်ရေးစတင်ပြုလုပ်မည်ဖြစ်သည်။ “ ကျွန်တော်သိပ်ကို ပျော်ပါတယ်။ ရီဗယ်ဒို နဲ့ရော်နယ်ဒင်ဟိုတို့ကစားခဲ့တဲ့အသင်းမှာ ကျွန်တော် ကစားခွင့်ရတော့မှာပါ။ ပြီးတော့ ကျွန်တော်အရူးအမူးကြိုက်နှစ်သက်တဲ့ ဘောလုံးသမားဖြစ်တဲ့ နေမာ ကလည်း ဒီအသင်းမှာ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)