Media
ပီအက်စ်ဂျီ-ဘိုင်ယန် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ပီအက်စ်ဂျီက ကျဉ်းမြောင်းသည့်ရလဒ်ဖြင့် အနိုင်ရရှိ
ပဲရစ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ဧပြီ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများ ပေးစွမ်းနိုင်ခဲ့သော ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း၌ ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမအကျော့တွင် နှာတစ်ဖျား အသာစီးယူနိုင်ခဲ့သည်။
ယခုပွဲစဉ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် သွင်းဂိုးအများဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ပွဲချိန် ၁၇ မိနစ်တွင် ဟယ်ရီကိန်းက ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သော်လည်း ပီအက်စ်ဂျီက ပထမပိုင်းတွင် ခဗစ်ချာ ခဗာရက်စကယ်လီယာ၊ ဂျာအို နဲဗက်စ်၊ အူစမန် ဒမ်ဘီလီတို့၏ သွင်းဂိုးများဖြင့် တုံ့ပြန်နိုင်ခဲ့သည်။
လူးဝစ်စ် ဒီယက်ဇ်အား ဝီလီယန် ပါချို လျှောထိုးဖျက်ထုတ်ရာမှ ဘိုင်ယန်အသင်း ပင်နယ်တီရရှိခဲ့ရာ ကိန်းက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ သို့သော် ပီအက်စ်ဂျီက မကြာမီ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ဘိုင်ယန်ဂိုးသမား မာနူအယ် နော်ယာနှင့် တစ်ဦးချင်းအတွေ့တွင် ဒမ်ဘီလီ အခွင့်အရေးကို အသုံးမချနိုင်ခဲ့သော်လည်း ခဗာရက်စကယ်လီယာက ဘိုင်ယန်နောက်ခံလူ ဂျိုဆစ် စတန်နီဆစ်ကို ကျော်ဖြတ်ကာ အဝေးထောင့်ဆီသို့ ကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပွဲချိန် ၃၃ မိနစ်တွင် ဒမ်ဘီလီကန်တင်ပေးသည့် ထောင့်ကန်ဘောမှတစ်ဆင့် နဲဗက်စ်က ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပထမပိုင်းပြီးဆုံးရန် ၄ မိနစ်အလိုတွင် မိုက်ကယ် အိုလစ်ဆေးက နေရာလွတ်ထဲသို့ ဆွဲဝင်ကာ ဂိုးဧရိယာအစပ်မှ ကန်သွင်း၍ ဘိုင်ယန်အတွက် ပြန်လည်ချေပခဲ့သည်။ သို့သော် ပထမပိုင်းပြီးခါနီးတွင် ပီအက်စ်ဂျီက ဦးဆောင်ဂိုးပြန်လည်ရရှိသွားပြီး ဒမ်ဘီလီ၏ ဖြတ်တင်ဘောပေးပို့မှုကို အယ်လ်ဖွန်ဆို ဒေးဗီးစ် ရှင်းထုတ်ရာတွင် လက်ထိခဲ့သဖြင့် VAR ပြန်ကြည့်ပြီးနောက် ပီအက်စ်ဂျီကို ပင်နယ်တီကန်သွင်းခွင့်ပြုခဲ့ရာ ဒမ်ဘီလီက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ပီအက်စ်ဂျီက ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ညာခြမ်း၌ နေရာလွတ်ရရှိထားသည့် အက်ချ်ရက်ဖ် ဟာကီမီ၏ ဖန်တီးပေးမှုကို ခဗာရက်စကယ်လီယာက ယခုပွဲစဉ်၌ ၎င်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့သလို နှစ်မိနစ်အကြာတွင်လည်း ဒမ်ဘီလီက ဒါယော့ အူပါမီကာနိုကို ကျော်ဖြတ်ကာ ပဥ္စမဂိုးသွင်းယူခဲ့သည်။
သို့သော် ဘိုင်ယန်ကလည်း အကြိတ်အနယ် တုံ့ပြန်ကစားလာခဲ့သည်။။ ပွဲကစားချိန် ၆၅ မိနစ်တွင် ဂျိုရှူအာ ကင်းမစ်ချ်၏ ဖရီးကစ်ကန်တင်ပေးမှုကို အူပါမီကာနိုက ခေါင်းတိုက်၍ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သလို ၃ မိနစ်အကြာတွင် ကိန်း၏ အဝေးဘောပေးပို့မှုကို ဒီယက်ဇ်က တစ်ချက်ထိန်း၍ မာကွင်ဟိုစ်ကို ကျော်ဖြတ်ကာ နောက်ထပ်ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။။ အဆိုပါဂိုးအား VAR ပြန်ကြည့်ပြီးနောက် ဂိုးအဖြစ်ခွင့်ပြုခဲ့သည်။
ပွဲချိန်နှောင်းပိုင်းတွင် ဆန်နီ မာယူလူ၏ ကန်ချက်မှာ ဂိုးဘားတန်းနှင့်ထိခဲ့သလို ထပ်ဆောင်းအချိန်ပိုတွင် ကင်းမစ်ချ်၏ ခေါင်းတိုက်ချက်ကိုလည်း ပီအက်စ်ဂျီနောက်ခံလူ ပါချိုက ဂိုးစည်းအနီးမှ ရှင်းထုတ်နိုင်ခဲ့သည်။ သို့ဖြစ်၍ ပီအက်စ်ဂျီအနေဖြင့် မြူးနစ်သို့ သွားရောက်ကစားမည့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ သွင်းဂိုးတစ်ဂိုး အသာရရှိထားမည်ဖြစ်သည်။
“ဒီလိုအပြန်အလှန် သူတင်ကိုယ်တင် ကစားတာမျိုးကို မျှော်လင့်ထားပြီးသား ဖြစ်နိုင်ပေမဲ့ ဒီလောက်အထိ တိုက်စစ်ဖွင့်ကစားလိမ့်မယ်လို့တော့ ထင်ကြမှာမဟုတ်ပါဘူး။ သုံးဂိုးရှုံးနေပြီးမှ တစ်ဂိုးတည်းကပ်ရှုံးခဲ့တာကတော့ ထူးဆန်းပါတယ်။ အထူးသဖြင့်တော့ ပွဲပြီးခါနီးမှာ ကျွန်တော်တို့ ချေပဂိုးရခဲ့သင့်တယ်။ ပီအက်စ်ဂျီက ကစားအားကျနေပြီလေ” ဟု ကင်းမစ်ချ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဒမ်ဘီလီကလည်း “တိုက်စစ်အားကောင်းတဲ့ အသင်းနှစ်သင်း ရင်ဆိုင်တွေ့ခဲ့တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့တယ်။ ဘိုင်ယန်က ဘယ်အချိန်မှာမဆို ပြန်လာနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ အရေးအကြီးဆုံးအရာကတော့ တစ်သမတ်တည်း အာရုံစိုက်နိုင်ဖို့ပါပဲ” ဟု ဆိုသည်။ (Xinhua)
