Videos
တတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ အားလုံးပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)
မကြာမီ စတင်မည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)မှ ကိုယ်စားလှယ်များ အားလုံး လက်မှတ် ရေးထိုး ပါဝင် နိုင်လိမ့် မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းပြပြ ယုံကြည်နေကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယနေ့သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆဋ္ဌမ အကြိမ် တရားဝင် ဆွေးနွေးပွဲအား ယနေ့သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး စင်တာ (NRPC)၌ ကျင်းပခဲ့ရာတွင် ၎င်းက အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ တွေ့ဆုံဆွေးနွေးမှုများ၏ အကျိုးရလဒ်များ အနေဖြင့် တင်ပြ ဆွေးနွေးချက်များ အတော် ခရီး ရောက်သွားပြီဟု ယုံကြည်ကြောင်း ၊ ယခု ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက်များကို အပြီးပြတ် ဆွေးနွေး နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောကြားခဲ့သည်။
UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်က ၎င်းတို့အနေဖြင့် ယခုအခေါက်တွင် ဤနေရာသို့အမြင့်ဆုံး မျှော်လင့်ချက် ထားပြီး လာရောက်ခြင်း ဖြစ်ကြောင်း၊ ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် တင်ပြ ဆွေးနွေးချက်များအား နှစ်ဦးနှစ်ဖက် တကယ် နားလည်မှု တူညီနိုင်မှု ၊ ဝေါဟာရ အသုံးအနှုန်းများအား နှစ်ဘက်စလုံး လက်ခံနိုင်မှုများအား တစ်ချက်ချင်းစီခြင်း ပြန်သွားချင်ကြောင်း DPN ခေါင်းဆောင် ခူဦးရယ်က ထည့်သွင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)