Connect with us

Media

မြန်မာ့ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းက ပြိုင်ဘက်အား အလဲထိုးဖြင့် အနိုင်ရ

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့ ထိပ်တိုက်တွေ့ဆုံကြသည့် မြန်မာ့ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားပြိုင်ပွဲရုံတွင် ကျင်းပခဲ့ပြီး မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်းက ဆက်လက်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထွန်းထွန်းမင်းက ပြိုင်ဘက်ကစားသမားကျော်စွာဝင်းကို ၄ ချီမြောက် အစပိုင်း ၅၇ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲတွင် မူလချန်ပီယံ ထွန်းထွန်းမင်းက ချန်ပီယံဆုကိုဆက်ထိန်းထားနိုင်မည်လား ၊ ကျော်စွာဝင်းက ချန်ပီယံ အသစ်ဖြစ်သွားမည်လားဆိုပြီး လက်ဝှေ့ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်သည် မြန်မာနိုင်ငံ၏ အလွတ်တန်းချန်ပီယံဘွဲ့အတွက် စိန်ခေါ်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ စည်းမျည်းစည်းကမ်းအသစ် ပြဌာန်းချက်မူအတိုင်း (၇) ချီ အလဲထိုး အနားတောင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ၇ ချီ အထူးစိန်ခေါ်ပွဲ အပါအဝင် (Myanmar Lethwei World Championship) MLWC – 9 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း(၆)ဆိုင်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)