Social
တက္ကစီယာဉ်များ စီးတီး တက္ကစီ မှတ်ပုံတင် ၊ သက်တမ်းတိုး ခြင်းများအား သတ်မှတ် ကာလ အတွင်း လာရောက် ဆောင်ရွက်ခြင်း မရှိပါက လုပ်ငန်း လိုင်စင် ဖျက်သိမ်းသည် ထိရောက်စွာ အရေးယူမည်
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား စီးတီး တက္ကစီ မှတ်ပုံတင်ခြင်း ၊ သက်တမ်း တိုးခြင်း လုပ်ငန်းများကို သတ်မှတ် ကာလ အတွင်း လာရောက် ဆောင်ရွက်ခြင်း မရှိသည့် စီးတီး တက္ကစီယာဉ်များအား လုပ်ငန်း လိုင်စင် ဖျက်သိမ်းသည် အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ ထုတ်ပြန် အသိပေးခဲ့သည်။
မှတ်ပုံတင်ရန် သတ်မှတ် ကာလ နှင့် စပ်လျဉ်း၍ အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ ရှိကြသော ယာဉ်ပိုင်ရှင်များ ၊ ယာဉ်မောင်းများမှ တင်ပြလာသဖြင့် စီးတီး တက္ကစီ မှတ်ပုံတင်ခြင်း ၊ သက်တမ်း တိုးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၃၁ ရက် အထိ တိုးမြှင့် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း အသိပေး အကြောင်းကြား ပြီး ဖြစ်သော်လည်း အချို့ယာဉ်ပိုင်ရှင် ၊ ယာဉ်မောင်းများမှာ လာရောက် ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း သိရသည်။
သတ်မှတ် ကာလ ဖြစ်သည့် ဇန်နဝါရီ ၃၁ ရက် အတွင်း စီးတီး တက္ကစီ မှတ်ပုံတင်ခြင်း ၊ သက်တမ်း တိုးခြင်း လုပ်ငန်းများကို အလျင်အမြန် လာရောက် ဆောင်ရွက်ကြရန် ထပ်မံ သတိပေး နှိုးဆော်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား ယာဉ်စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့တွင် စီးတီး တက္ကစီယာဉ်များ အဖြစ် မှတ်ပုံတင်ခြင်း သတ်မှတ် ကာလ အလိုက် စီးတီး တက္ကစီ မှတ်ပုံတင် သက်တမ်းတိုးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)