Environment, Disasters & Accidents
ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃၀၈ ဆူ ပြုပြင်ထိန်းသိမ်းပြီးဖြစ်
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃၀၈ ဆူ ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီး ခဲ့သော ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ၂၀၁၈ ခုနှစ် ဧပြီလအထိ စာရင်းများအရ အနည်းငယ်သာထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီး ဘုရားပုထိုး ၈၄ ဆူ စုစုပေါင်း ၃၀၈ ဆူကို ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကာ ၂၆ ဆူမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း ဘုရားပုထိုး ၃၈၉ ဆူ ပျက်စီးခဲ့ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ခံမှုအရ သိရသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပထမ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်း ရန် ၅၃ ဆူနှင့် ပျက်စီးမှုအနည်းငယ်သာရှိသည့် တတိယဦးစားပေး ပြုပြင် ထိန်းသိမ်းမည့် အဆူ ၃၀၀ ကို ကနဦးသတ်မှတ်ခဲ့ပြီး နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးမှုအရ အဆူ ၃၀၀ အနက် ၇၆ ဆူတို့ကို ပညာရှင်များဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ်ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)