Connect with us

China

ဘွဲ့ရအလည်အပတ်ခရီးသွားစဉ် ရုရှားမိန်းကလေးက ရေထဲပြုတ်ကျသွားသော အဘွားအိုအား ရဲဝံ့စွာကယ်ဆယ်

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့တွင် Gubaidullina Shakhnaz Evgenevna က ရေထဲပြုတ်ကျသွားသော အဘွားအိုအား ကယ်ဆယ်နေသည်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဟူကျိုး (ကျဲ့ကျန်း)၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့တွင် ပညာတော်သင်လျက်ရှိသည့် ရုရှားမိန်းကလေး Gubaidullina Shakhnaz Evgenevna သည် အင်တာနက်ပေါ်တွင် လူသိများလာခဲ့သည်။

ဟူကျိုးတက္ကသိုလ်မှ ဘွဲ့ရထားခါစဖြစ်သူ ၎င်းသည် ဘွဲ့ရပြီးနောက် ရှောက်ရှင်းမြို့သို့ ခရီးသွားရာတွင် အဘွားအိုတစ်ဦး ရေထဲပြုတ်ကျသွားသည်နှင့် ကြုံခဲ့ရသည်။ ၎င်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ ရေထဲခုန်ဆင်းပြီး နစ်မြုပ်နေသော အဘွားအိုအား အစွမ်းကုန်ကာကွယ်ကာ တရုတ်ဘာသာစကားဖြင့် “အဖွား စိတ်လျှော့ထား မကြောက်နဲ့၊ သမီးရှိတယ်” ဟု နှစ်သိမ့်အားပေးခဲ့သည်။ ၎င်းနှင့် ကမ်းပေါ်ရှိဒေသခံများ၏ အတူတကွကြိုးပမ်းမှုဖြင့် အဘွားအိုကို နောက်ဆုံးတွင် ကယ်တင်နိုင်ခဲ့သည်။

Gubaidullina Shakhnaz Evgenevna ၏ ကိုယ်ကျိုးစွန့်ကယ်ဆယ်သည့်ဖြစ်စဉ်ကို ထိုနေရာရှိ စောင့်ကြည့်ရေးကင်မရာက မှတ်တမ်းတင်ထားခဲ့ပြီး အင်တာနက်ပေါ်တွင် လူသိများလာခဲ့ရာ အင်တာနက်အသုံးပြုသူများက ၎င်းကိုချီးကျူးကြသည်။ Gubaidullina Shakhnaz Evgenevna ၏ မိခင်ဖြစ်သူကလည်း အစောဆုံး စာပို့လာပြီး “သမီးက အသက်တစ်ချောင်းကို ကယ်နိုင်ခဲ့တယ်။ အမေ သမီးအတွက် ဂုဏ်ယူတယ်” ဟု ဆိုခဲ့သည်။

အပြင်ထွက်ပြီး သစ်သီးဝယ်ရာတွင်လည်း ၎င်းကိုသိရှိသွားသူ ဆိုင်ရှင်ကလည်း ၎င်း၏ကုသိုလ်ပြုခဲ့မှုကို ကျေးဇူးတင်သည့်အနေဖြင့် ပိုက်ဆံမယူခဲ့ပေ။ လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီး၏ ချီးကျူးမှုအတွက် Gubaidullina Shakhnaz Evgenevna က “အရမ်းပျော်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒါကလည်း သာမန်ကိစ္စသေးသေးလေး တစ်ခုပါပဲ” ဟု ဆိုလာသည်။

Gubaidullina Shakhnaz Evgenevna သည် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပြီး တရုတ်နိုင်ငံ၌ နှစ်ပေါင်းများစွာ ပညာသင်ကြားနေထိုင်ခဲ့ရာ ၎င်းက တရုတ်ယဉ်ကျေးမှုကို အလွန်နှစ်သက်သဘောကျသည်ဟု ဆိုသည်။ ၎င်းသည် ကျောင်း၏တရုတ်ခြင်္သေ့အကအဖွဲ့တွင် တစ်ဦးတည်းသော နိုင်ငံခြားသား အမျိုးသမီးအဖွဲ့ဝင်ဖြစ်ပြီး ၎င်းကိုယ်ကိုယ် ဆစ်မောင် ဟူသည့် တရုတ်နာမည်ပေးထားသည်။

ဘွဲ့ရပြီးပြီဆိုသော်ငြားလည်း Gubaidullina Shakhnaz Evgenevna က ဟူကျိုးမြို့မှ မထွက်ခွာချင်သေးပေ။ “ဒီနေရာကို အရမ်းသဘောကျတယ်၊ ဒီနေရာမှာ ဆက်ပြီး ပညာသင်ချင်တယ်၊ နေလည်းနေချင်သေးတယ်” ဟု ၎င်းက ဆိုသည်။

Gubaidullina Shakhnaz Evgenevna က ၎င်းတက္ကသိုလ်တွင် မဟာဘွဲ့တန်းကိုလျှောက်ထားခဲ့ရာ လက်ရှိတွင် လူတွေ့မေးမြန်းမှု လုပ်ဆောင်ပြီးဖြစ်ကြောင်းသိရသည်။ စိတ်သဘောထားကောင်းမွန်၍ ရဲဝံ့သော ဤမိန်းကလေး အိပ်မက်အကောင်အထည်ဖော်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးတက္ကသိုလ်တွင် Gubaidullina Shakhnaz Evgenevna က လူမှုကွန်ရက် ပလက်ဖောင်း၌ ၎င်းက ရေထဲပြုတ်ကျသွားသော အဘွားအိုအား ကယ်ဆယ်မှု သတင်းဖော်ပြချက်ကို ဇွန် ၂၃ ရက်က ပြသနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူကျိုးတက္ကသိုလ်တွင် Gubaidullina Shakhnaz Evgenevna က သက်ဆိုင်ရာဘက်မှ ပေးပို့လာသော ပန်းစည်းအား ဇွန် ၂၄ ရက်တွင် လက်ခံရရှိစဉ် (ဆင်ဟွာ)