Connect with us

Videos

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်း ကြရန် နိုင်ငံတော်သမ္မတ သဝဏ်လွှာ ပေးပို့

နေပြည်တော်၊ ဇန်နဝါရီလ ၄ ရက် (ဆင်ဟွာ)

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် မြို့တော် ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာ ကို ဒုတိယ သမ္မတ (၁)ဦးမြင့်ဆွေ က ဖတ်ကြားခဲ့သည်။ သမ္မတ၏ သဝဏ်လွှာ၌ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့ အတွက် အဓိက လိုအပ်ချက်မှာ ယုံကြည်မှုပင် ဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား သံသယစိတ် ကင်းစင်ကာ ခိုင်မာသည့် ယုံကြည်မှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာကြရမည် ဖြစ်ပါသည်။

ယင်းမှတစ်ဆင့် တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ မိမိတို့ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်” ဟုဖော်ပြပါရှိပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတနှင့် အတူ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေ သုံးထောင်ခန့် တက်ရောက်ခဲ့ကြသည်။

လွတ်လပ်ရေးနေ့အခမ်းအနားကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး စုပေါင်း အင်အားဖြင့် ကာကွယ် စောင့်ရှောက် ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ထိရောက်စွာ တားဆီး ကာကွယ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီ မျှတစွာဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရေး၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်စွာ ဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေး ဟူသော အမျိုးသားရေး ဦးတည်ချက် ငါးရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.