Videos
ငြိမ်းချမ်းရေးကို လိုလိုလားလားဖြင့် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုင်းရင်းသား လူမျိုးများ ရေး ရာ ဝန်ကြီး ပြောကြား
ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် ဖြစ်သော “သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော်အား ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပခဲ့ရာ ညနေပိုင်းတွင် ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားများ အားလုံး ၎င်းတို့၏ နယ်မြေဒေသ အသီးသီးသို့ပြန်လည် ရောက်ရှိပါက ငြိမ်းချမ်းရေးကို လိုလိုလားလားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများအား ယခုကဲ့သို့ဖော်ထုတ်ပြသခြင်းသည် မြန်မာကို ကမ္ဘာက သိအောင် မြှင့်တင်သည့် အနှစ်သာရ ရှိသည့် ပွဲတော် ကြီး ဖြစ်ကြောင်း ယခုကဲ့သို့ပွဲတော်များ ကျင်းပခြင်းအား အနာဂတ်တွင် စဉ်ဆက်မပြတ် ဖော်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုပွဲသည် ရန်ကုန်မြို့တွင် ကျင်းပသည့် ပွဲများ အနက် ကြီးမားသည့် ပွဲတစ်ခု ဖြစ်ကြောင်း ၊ ယခုကျင်းပလျက်ရှိသည့် ပွဲသည် မြန်မာနိုင်ငံ အတွက် လွန်စွာ မင်္ဂလာ ရှိပြီး သမိုင်း မှတ်တိုင်သစ် တစ်ရပ် အနေဖြင့် တင်ကျန်မည်ဟု ယုံကြည်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။“သွေးချင်း တို့ရဲ့ပွဲတော်ဆီ ” ပွဲတော်အား တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု ရိုးရာ ဓလေ့များ ၊ စည်းလုံး ညီညွှတ်မှု နှင့် နေထိုင်မှု ပုံစံများကို မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများပါ စိတ်ဝင်တစား လေ့လာနိုင်ရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)