Connect with us

Politics, Law & Military

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/သား ၁,၅၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မြန်မာနိုင်ငံ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) က တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/သား ၁,၅၀၀ ကျော်ကို ယနေ့ (ဧပြီ ၃၀ ရက်) ကဆုန်လပြည့်နေ့တွင် နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်သမ္မတက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၁,၅၀၈ ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

အလားတူ  အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/ သူ ၁၁ ဦးကိုလည်း ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။ဆက်လက်ပြီး ဧပြီလ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် သက်သာခွင့်ပြုလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.