Environment, Disasters & Accidents
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လူ ၂၂ ဦးသေ၊ ၅၁ ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လူ ၂၂ ဦးသေ၊ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သဘာဝဘေးဖြစ်ပွားမှုသည် မီးဘေး(၃၈)ကြိမ်၊ ရေဘေး (၆)ကြိမ်၊ လေဘေး(၃၈)ကြိမ်၊မိုးကြိုးပစ်ခတ်မှု(၆)ကြိမ်၊ ကမ်းပြိုမှု(၁၃)ကြိမ်၊ မြေပြိုမှု တစ်ကြိမ်နှင့် ဓာတ်လိုက်မှု တစ်ကြိမ် စုစုပေါင်း ၁၁၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁၄၇၅)စု၊ အိမ်ထောင်စု (၂၁၄၅)စု၊ လူဦးရေ(၉၄၃၄)ဦး ထိခိုက်ခဲ့ပြီး သေဆုံးသူ (၂၂)ဦး၊ ဒဏ်ရာရရှိသူ (၅၁)ဦးတို့ရှိခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအနေဖြင့် ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း(၂၀၇)ခု၊ တာတမံပြုပြင်ခြင်း (၅)ခု၊ ရေတံခါးပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်း(၄)ခု၊ ရေထိန်း၊ ရေမြှင့် အဆောက်အအုံတည်ဆောက်ခြင်း(၅)ခုနှင့် မြောင်းဖြတ်တံတားတည်ဆောက်ခြင်း(၁)ခု စုစုပေါင်း ၂၂၂ ခု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၃၇ခု၊ မြစ်ရေလမ်းကြောင်းစစ်ဆေးခြင်း ၅ခု၊ တိုင်းတာရေးလုပ်ငန်း(၃)ခုတို့ကို လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)